၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

 


နေပြည်တော်    စက်တင်ဘာ     ၂၀

မြန်မာဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အမျိုးသမီးဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်  ကာယပညာဦးစီးဌာနက ကြီးမှူးပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့်   မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍  ၂၀၂၆  ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး) ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်းတို့၌ ဇုန်များခွဲ၍ ကျင်းပသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာဇုန်များအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်  ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးသည်။

ယနေ့ ၂၀၂၆ ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကယားပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌  စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို လေးဂိုး - ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင်  ပြိုင်ပွဲ ၁ ရက် နားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့်  မန္တလေးတိုင်းဒေသကြီး အသင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌  ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်  တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌   စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့  ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.