သီရိလင်္ကာနိုင်ငံ၌ ဒရုန်းနည်းပညာဖွံ့ဖြိုးရေး အမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲဆောင်ရွက်



ကိုလံဘို စက်တင်ဘာ ၈

 

သီရိလင်္ကာနိုင်ငံတွင် ဒရုန်းနည်းပညာဖွံ့ဖြိုးရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာတစ်ရပ် ရေးဆွဲဆောင်ရွက်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

နိုင်ငံအတွင်း စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အခြားကဏ္ဍများတွင် ဒရုန်းနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာသဖြင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ ဒရုန်းယာဉ်ထုတ်လုပ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့အသုံးပြုရေးဆိုင်ရာ လုပ်ငန်းမူဘောင်တစ်ရပ် တည်ထောင်နိုင်ရန် တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများအကြား ဆွေးနွေးဆောင်ရွက်နေကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စက်မှုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် သုံးစွဲမည့်ဒရုန်းယာဉ်များ ထုတ်လုပ်ခြင်းနှင့် ဘေးကင်းရေးအတွက် အမျိုးသားအဆင့် စံချိန်စံညွှန်းများအား သတ်မှတ်မည်ဖြစ်သည်။

 

ဒရုန်းယာဉ်စမ်းသပ်မှုနှင့် အရည်အသွေးထိန်းချုပ်မှုအတွက် ဓာတ်ခွဲခန်းများကိုလည်း ထားရှိမည်ဖြစ်ပြီး ဒရုန်းယာဉ်ဆိုင်ရာ သုတေသန၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားဖြစ် ထုတ်လုပ်ရေးအတွက် အခွင့်အလမ်းများကို စူးစမ်းလေ့လာမည်ဖြစ်သည်။

 

ဒရုန်းယာဉ်ဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် ဥပဒေနှင့်မူဝါဒဆိုင်ရာ အတားအဆီးများကိုဖြေရှင်းရန် အစိုးရအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.