နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကယားပြည်နယ်အတွင်း မိုးရာသီ သီးနှံစိုက်ပျိုးမည့် တောင်သူများအား ချေးငွေပေးအပ်
လွိုင်ကော် စက်တင်ဘာ ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ် မိုးရာသီ သီးနှံစိုက်ပျိုးမည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး
ရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့
စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ချေးငွေပေးအပ်ပွဲတွင် ကယားပြည်နယ်ဝန်ကြီးချုပ်
ဦးအံ့မော်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတူ မိုးသီးနှံ စိုက်ပျိုးမည့်
ပြည်နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာမှ တောင်သူ ၆၉ ဦး၏ မိုးသီးနှံ ၄၅၄ ဧကအတွက် တစ်ဧကလျှင်
ငွေကျပ် ငါးသိန်းနှုန်းဖြင့် ချေးငွေကျပ် ၂၂၇ သန်း ပေးအပ်ရာ တောင်သူအစုအဖွဲ့များက လက်ခံရယူကြသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့ပြင် တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးအတွက်
လိုအပ်သည်များ တင်ပြဆွေးနွေးမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆောင်ရွက်ပေးနိုင်မည့် အခြေအနေကို
တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဦးစီးမှူးရုံး ရုံးဝင်းအတွင်းရှိ
ဓာတ်မြေဩဇာသိုလှောင်ရုံကို ကြည့်ရှုစစ်ဆေးပြီး ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းရန်နှင့်
တောင်သူများသို့ စနစ်တကျ ဖြန့်ဝေပေးရန် တာဝန်ရှိသူများအား မှာကြားသည်။
ကယားပြည်နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ
(ကယားပြည်နယ်)မှ စိုက်ပျိုးရေး ကဏ္ဍအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စတင်ထုတ်ချေးပေးခဲ့သည့်
ချေးငွေကျပ် ၅၉၈၈ ဒသမ ၆၅ သန်းရှိပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments