ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့်ကျေးရွာအချို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

 



နေပြည်တော် စက်တင်ဘာ ၁၀


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်/ကျေးရွာများ အတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။


အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ ၉ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ရေစီးဝင်မှုလမ်းကြောင်းကို ထိန်းချုပ်ထားသည့် Steel Sheet Pile များ ယိုင်နဲ့၍ ပေ ၃၀ ခန့် ပွင့်ထွက်သွားခဲ့ သဖြင့် ယိုင်နဲ့သွားသော Steel Sheet Pile များကို ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ သဲအိတ်များချခြင်း၊ သောင်တူးစက်များဖြင့် သဲမှုတ်သွင်းခြင်း၊ တာပေါင်ဖို့ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက် များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှား ရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.