တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဘေးကြုံ‌တွေ့ရသည့် အိမ်ထောင်စု ၃၃၉၇ စုနှင့် လူဦးရေ ၁၈၇၁၂ ဦးရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

 


ထားဝယ် စက်တင်ဘာ ၂၈

 

ထားဝယ်မြို့၌ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်(၈၀)အတွင်း စံချိန်တင်ရေလျှံမှုဖြစ်ခဲ့ရာ ဆေးရုံလမ်းရှိ အိမ်ထောင်စု ၂၀၊ လူဦးရေ ၆၇ ဦးကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ထားဝယ်မြို့အနေဖြင့် အန္တရာယ်ရှိသည့် အနေအထား မဖြစ်ပွားခဲ့ကြောင်း၊ လောင်းလုံးမြို့နယ်တွင် လူထိခိုက်မှုများရှိခဲ့၍ ကူညီဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရာများ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲ၊ ငါးသေတ္တာ စသည့် စားသောက် ကုန်ငါးမျိုး ရောက်ရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေဘေးကြုံ‌တွေ့ရသည့် အိမ်ထောင်စု ၃၃၉၇ စုနှင့် လူဦးရေ ၁၈၇၁၂ ဦး ရှိကြောင်း၊ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

 

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြည်သူနှင့် လုပ်ငန်းရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းလျက်ရှိကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ အကောင်းဆုံး ဖြစ်အောင် အချိန်မီကူညီဆောင်ရွက်ပေးရန်လိုအပ်ပြီး ထပ်မံ ဆုံးရှုံးမှုများ မဖြစ်ပွားအောင် ကူညီကယ်ဆယ်သင့်သည်များကို ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေကြီးရေလျှံသည့် နေရာများသို့ စက်ယန္တရားများ ရောက်ရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရေကြီးရေလျှံမှုနှင့် မလွတ်ကင်းသည့်ကျောင်းများကိုလည်း ခေတ္တပိတ်ထားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အဖွဲ့ဝင်များက တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် အလှူရှင်များ၏ ထောက်ပံ့ထားရှိမှုအခြေအနေ၊ ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ထားရှိမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ကြက်ဥ၊ မာမားခေါက်ဆွဲ၊ ငါးသေတ္တာစသည့် စားသောက်ကုန်ငါးမျိုး တစ်ပတ်စာထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.