စမ်းချောင်းမြို့နယ်၌ လူငယ်အချင်းချင်းစကားများရန်ဖြစ်စဉ် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးခဲ့သည့် လူငယ်များအား ဖမ်းဆီးရမိ

 


နေပြည်တော် စက်တင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၌ စက်တင်ဘာ ၁၇ ရက်က လူငယ်အချင်းချင်း စကားများရန်ဖြစ်စဉ် အုပ်စုဖွဲ့ဝိုင်းဝန်းရိုက်နှက်၍ ဓားဖြင့်ထိုးခဲ့သည့် လူငယ်များအား ဖမ်းဆီးရမိပြီးမှုခင်း ဖြစ်ပွားခဲ့မှုအခြေအနေကို ဆက်လက်စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ်ရှိ စမ်းချောင်းလင့် မုန့်ဈေးတန်းတွင် ကြည့်မြင်တိုင်မြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက် ပန်းလှိုင်အိမ်ရာနေ မောင်ဇူဇင်ဝင်းထွဋ်(၂၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် (ဂ)ရပ်ကွက်နေ  မောင်အာကာကျော်(၁၈)နှစ် တို့နှစ်ဦးသည် လူငယ်တစ်စုနှင့် စကားများ ရန်ဖြစ်ကြစဉ် ၎င်းတို့ နှစ်ဦးအား လူငယ်များက ဝိုင်းဝန်းရိုက်နှက်၍ ဆဲဆိုခြိမ်းခြောက်ကာ ဓားဖြင့်ထိုးခဲ့သောကြောင့် မောင်ဇူဇင်ဝင်းထွဋ်နှင့် မောင်အာကာကျော်တို့နှစ်ဦးတွင် ခန္ဓာကိုယ်၌ ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သတင်းအရ ပြစ်မှုကျူးလွန်သူ လူငယ်များအား ဖော်ထုတ်အရေးယူနိုင်ရေး စမ်းချောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ တရားခံများအား စုံစမ်းဆောင်ရွက်ခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါလူငယ်များအား စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆)ရပ်ကွက်နေ မရွှေရည်ဝတီ(ခ)သဒ္ဒါ(၁၈)နှစ်အား ယင်းနေ့ညနေပိုင်းတွင် နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူများဖြစ်သည့် သူရိန်ထွန်း(ခ)Harry(၁၈)နှစ်၊ တင်အောင်ဝင်း (ခ)ဇင်ကို(၁၈)နှစ်၊ နိုင်မင်းခန့်(ခ)အာကာဟိန်း (ခ)ရိုင်ကူး(၁၇)နှစ်အား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် အရိုး/အသွား ခြောက်လက်မခွဲခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့်လည်းကောင်း၊ အောင်အောင်(ခ) ဘူးသီး(၂၀)နှစ်၊ အောင်မြတ်သူ (ခ)နေသက်တန့်လင်း(ခ)ဘိုကီး(၁၄)နှစ်နှင့် မင်းထက်ကျော် (ခ)ကောင်းစည်သူ (ခ)K(၁၇)နှစ်၊ ပြည့်စုံအောင် (၁၆)နှစ်တို့ကိုလည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့ပြီး မှုခင်းဖြစ်ပွားခဲ့မှုအခြေအနေကို ဆက်လက်စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

သတင်းစဉ်

No comments

Powered by Blogger.