တစ်ကျော့ပြန် နျူကလီးယား နည်းပညာ (၄)

 


နီဇော်သစ်

ဖျူရှင်နည်းပညာပြိုင်ဆိုင်မှုထဲသို့ တရုတ်နိုင်ငံ ဝင်ရောက်လာသည်မှာ အတန်ငယ်နောက်ကျသော်လည်း ခပ်သွက်သွက်လှမ်းနိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဟေဖေးမြို့ရှိ တရုတ်သိပ္ပံအကယ်ဒမီ၌ ပလာစမာ ရူပဗေဒ အင်စတီကျု(ASIPP) တည်ထောင်လိုက်ခြင်းသည်   ဖျူရှင်နည်းပညာအတွက် ပထမဆုံးခြေလှမ်းဟုဆိုနိုင်သည်။ ထိုအင်စတီကျုတွင် သံလိုက်ဖြင့် ထိန်းချုပ်သော ဖျူရှင်သုတေသနတို့ကို စတင်ခဲ့သည်။ အိပ်ချ်တီ-၆ဘီနှင့် အိပ်ချ်တီ-၆ အမ် တို့လို ရှေးရိုးစဉ်လာ တိုကာမက်စက်များကို တည်ဆောက်ခဲ့သည်။ ယင်းမှာ ဖျူရှင်သုတေသနအတွက် အတွေ့အကြုံနှင့်   လူအင်အား  စတင်စုဆောင်းသည့်ကာလဟု ဆိုနိုင်သည်။

၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းကာလများအတွင်း  ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားပြီးနောက် ရုရှား၏ ကူချာတော့ဗ် အင်စတီကျုက တီ-၇ တိုကာမက်ကို ASIPP သို့ လွှဲပေးခဲ့သည်။ တီ-၇ မှာ ရှေးရိုးစဉ်လာမဟုတ်။ စူပါကွန်ဒတ်တာ သံလိုက်သုံး တိုကာမက်။ တရုတ်နိုင်ငံက အိပ်ချ်တီ-၇ ဟု အမည်ပြောင်းကာ ပြင်ဆင်တည်ဆောက်ပြီးချိန်တွင် တရုတ်နိုင်ငံ၏   ပထမဆုံး   စူပါကွန်ဒတ်တာ တိုကာမက် ဖြစ်လာသည်။

၁၉၉၈ ခုနှစ်တွင် EAST ဟု အတိုကောက်ခေါ်သော Experimental Advanced Superconducting Tokamak စီမံကိန်းကို အတည်ပြုသည်။ နောက်တွင် နေအတုနည်းပညာဟု လူသိများလာမည့် ခြေလှမ်း အစ။ ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးသည်။ ၂၀၀၆ ခုနှစ်တွင် ပထမဆုံး  ပလာစမာ  စတင်ရရှိ သည်။ EAST  သည်  ကမ္ဘာ့ပထမဆုံး စူပါကွန်ဒတ်တာ သံလိုက်ဖြင့် အပြည့်အဝလည်ပတ်သည့် တိုကာမက်လည်း ဖြစ်လာသည်။ ရည်ရွယ်ချက်မှာ ကာလရှည်တည်ငြိမ်သော ပလာစမာအခြေကို ထိန်းထားဖို့။

EAST သည် ရည်မှန်းချက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သည်။ ၂၀၂၁ ခုနှစ်တွင် ပလာစမာ အပူချိန်ကို သန်း ၁၂၀ ဒီဂရီ ဆဲလ်စီးယပ်၌ ၁၀၁ စက္ကန့်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ ကမ္ဘာ့စံချိန်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် စက္ကန့် ၄၀၀ ကျော်အထိ ထိန်းနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၁၀၆၆ စက္ကန့်(၁၇ မိနစ်ကျော်) ထိန်းထားနိုင်ခဲ့သည်။ EAST မှရရှိခဲ့သော အောင်မြင်မှုများနှင့် အတွေ့အကြုံများသည် ပြီးခဲ့သည့်လပိုင်းအတွင်း နေအတု နည်းပညာသမိုင်းမှတ်တိုင်အသစ်ဟု နာမည်ကြီးခဲ့သော BEST အတွက် လှေကားထစ်များဖြစ်ခဲ့သည်။

Burning  Plasma  Experimental Superconducting Tokamak ကို အတိုကောက်ပြုထားသော BEST သည် ပလာစမာလောင်ကျွမ်းမှုကို သုတေသနပြုဖို့ ရည်ရွယ်သည်။ EAST တုန်းက ပလာစမာကို   ပူအောင်လုပ်၊    အချိန် ကြာကြာ ထိန်းထား၊  တည်ငြိမ်သည့်အခြေတွင်   လေ့လာစမ်းသပ်သည်။ BEST မှာတစ်ဆင့်တက်ပြီး အယ်လ်ဖာ အမှုန်ဖြင့် အပူပေးခြင်းကို ဦးတည်သည်။ ဆိုလိုသည်မှာ ဖျူရှင်ဖြစ်ပြီး သူ့အပူကို သူဆက်ထိန်းသွားနိုင်စေမည့် အဆင့်ဖြစ်သည်။ ထွက်လာသော စွမ်းအင် သည်  ပေးလိုက်ရသော စွမ်းအင်နှင့် တူလျှင်တူ၊ မတူလျှင် ပိုများရမည် ဆိုသည့် အဆင့်လည်းဖြစ်သည်။ သို့မှသာ လိုချင်သော သန့်စင်သည့် ရေရှည်ခံစွမ်းအင်အရင်းအမြစ်ကို ရနိုင်မည် မဟုတ်ပါလား။ နောက်ဆုံးအဆင့်တွင် ပေးလိုက်ရသည့် စွမ်းအင်ထက် ငါးဆပိုများသော စွမ်းအင်တို့ ထုတ်ပေးနိုင်ရန် ရည်မှန်းထားသည်။

ဤနေရာတွင်  တောင်ကိုရီးယားနိုင်ငံ၏ ဝင်ရောက်ပြိုင်ဆိုင်မှုကို တစ်ဖြတ်ဆွေးနွေးပါမည်။ ဖျူရှင်သုတေသနတွင် တောင်ကိုရီးယားက တရုတ်ထက်နောက်ကျသည်။ ၁၉၉၅ ခုနှစ်တွင် KSTAR စီမံကိန်းကို စတင်သည်။ Korea Superconducting Tokamak Advanced Research ကို အတိုကောက်ပြုထားခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်။ ၂၀၀၈ ခုနှစ်တွင် ပထမဆုံး ပလာစမာရရှိသည်။ KSTAR သည်လည်း စူပါကွန်ဒတ်တာသုံး တိုကာမက် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အပူချိန် သန်း  ၁၀၀ ဒီဂရီဆဲလ်စီးယပ်ကို စတင်ရရှိသည်။ ရည်ရွယ်ချက်မှာ   ITER  နှင့်  အနာဂတ်ဖျူရှင် ဓာတ်ပေါင်းဖိုများအတွက်  ပလာစမာထိန်းချုပ်မှု နည်းပညာကို စမ်းသပ်ဖို့ဖြစ်သည်။ ဤနေရာတွင်လည်း ရည်ရွယ်ချက်မှာ ဂျပန်၊ တရုတ်သုတေသနတို့နှင့် ကွာခြားသည်ကို တွေ့နိုင်သည်။

ဂျပန်က အရည်အသွေးမြင့် ပလာစမာများဖြစ်လာရန် ရည်မှန်းသည်။ တရုတ်က ပလာစမာ အပူချိန်ကို ကြာကြာ ထိန်းနိုင်အောင် ရည်မှန်းသည်။ တောင်ကိုရီးယားက အနာဂတ်နည်းပညာအတွက် ပလာစမာထိန်းချုပ်မှုကို ရည်မှန်းသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ဖျူရှင်နည်းပညာ၌ မည်သူကမှ သိသိသာသာ အသာရဦးဆောင်နေသည်ဟု ပြော၍ မရ။ သူ့နေရာနှင့်သူ အားသာချက်များ ရှိနေကြသည်။ ထို့ပြင် ပိုမိုထူးခြားသည်မှာ ITER

၁၉၈၅ ခုနှစ် နိုဝင်ဘာလတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အမေရိကန်သမ္မတ ရော်နယ်ရေဂင်နှင့် ဆိုဗီယက်ဝန်ကြီးချုပ် မီခေးလ်ဂေါ်ဘာချော့တို့ တွေ့ဆုံခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင်   ဖျူရှင်နည်းပညာကို ထုံးတမ်း စဉ်လာ  နျူကလီးယားနည်းပညာတုန်းကလိုမျိုး နှစ်နိုင်ငံပြိုင်ဆိုင်မှုမျိုး မဖြစ်စေဘဲ ငြိမ်းချမ်းရေးအတွက် နိုင်ငံ တကာ ပူးပေါင်းသုတေသနလုပ်ငန်းတစ်ခု တည်ဆောက်ရန်ဆိုသော  အယူအဆတစ်ခု  ပေါ်ထွက်လာသည်။ ၁၉၈၈ ခုနှစ်တွင်  သဘောတရား ဒီဇိုင်းကို စတင်ရေးဆွဲခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက် ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန်တို့မှ အဖွဲ့လေးဖွဲ့ ပါဝင်ခဲ့သည်။   ၂၀၀၃  ခုနှစ်တွင် တရုတ်နှင့် တောင်ကိုရီးယား ဝင်လာသည်။ မည်သည့်နေရာတွင် တည်ဆောက်မလဲဆိုသည်ကို အချိန်အတော် ကြာကြာဆွေးနွေးခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင်မှ ပြင်သစ်တောင်ပိုင်းကို ရွေးချယ်ခဲ့ကြသည်။ ထိုနှစ်မှာပင် အိန္ဒိယလည်း ပါဝင်လာသည်။

ထိုနည်းအားဖြင့် နိုင်ငံများ တစ်နိုင်ငံချင်းစီက ကိုယ်ပိုင်သုတေသနများ လုပ်ဆောင်နေချိန်တွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု၏ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်လာမည့် ITER ၏ အခြေခံများလည်း တဖြည်းဖြည်း ပေါ်ပေါက် လာခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ITER သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ITER အဖွဲ့ အစည်းကို ဖွဲ့စည်းခဲ့သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင်  တည်ဆောက်နေသည့် ITER သည် လျှပ်စစ်ဓာတ်အားပေး စက်ရုံမဟုတ်ဘဲ အနာဂတ်ဖျူရှင် ဓာတ်ပေါင်းဖိုများအတွက် လိုအပ်မည့် နည်းပညာနှင့် ရူပဗေဒဆိုင်ရာ  အခြေအနေများကို  အကြီးစား စမ်းသပ်မည့်စက်ဖြစ်သည်။ ပြင်ပမှ ပလာစမာကို အပူပေးရန် ၅၀ မဂ္ဂါဝပ်ခန့် အသုံးပြုပြီး ဖျူရှင်တုံ့ပြန်မှုမှ အပူစွမ်းအင် ၅၀၀ မဂ္ဂါဝပ်ခန့်ရရှိရန် ရည်မှန်းထားသည်။  ထိုသို့ အပြင်မှပေးရသည့်  အပူပေး စွမ်းအင်ထက်ဖျူရှင်မှရရှိသည့်   စွမ်းအင်ပိုမို များပြားလာနိုင်သည့်  အခြေအနေကို လက်တွေ့စမ်းသပ်နိုင်ခြင်းသည် ITER ၏ အဓိကရည်မှန်းချက်များထဲမှတစ်ခုဖြစ်သည်။ သို့သော် ထိုစွမ်းအင်ကို လျှပ်စစ်ဓာတ်အားအဖြစ် တိုက်ရိုက်ထုတ်လုပ်နေခြင်းမဟုတ်သေးပါ။ ထိုအဆင့်သည် အနာဂတ် ဖျူရှင်ဓာတ်အားပေးစက်ရုံများအတွက် ချန်ထား ရမည့် နောက်တစ်ဆင့်ဖြစ်သည်။

ထို့ကြောင့်ဖျူရှင်နည်းပညာ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် လူသားတို့သည် နေ၏အတွင်းပိုင်းကဲ့သို့ အလွန် ပူပြင်းသော ပလာစမာကို ဖန်တီးနိုင်ရန်  ကြိုးပမ်းရာမှ စတင်ကာ ထိုပလာစမာကို သံလိုက်ဖြင့် ထိန်းချုပ်နိုင်ရန်၊ ဖျူရှင်ဖြစ်လာအောင် လုပ်နိုင်ရန်၊ ဖျူရှင်မှထွက်လာသော အယ်လ်ဖာ အမှုန်များ၏ အပူပေးမှုဖြင့် ပလာစမာကို ကိုယ်တိုင်အပူဆက်ပေးနိုင်ရန်အထိ   တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့ကြသည်။ ဆိုဗီယက်တို့၏ တိုကာမက် T-3 မှ JET TFTR JT-60၊ နောက်ပိုင်း EAST နှင့် KSTAR တို့အထိ စက်တစ်လုံးချင်းစီသည် မတူညီ သည့် ပြဿနာများကို ဖြေရှင်းပေးခဲ့ကြသည်။ ယခုအခါ BEST နှင့် ITER တို့က ထိုအတွေ့အကြုံများကို အခြေခံပြီး ဖျူရှင်ကို ဓာတ်အား အရင်းအမြစ်တစ်ခုအဖြစ် အသုံးချနိုင်မည့်အခြေအနေသို့ နောက်တစ်ဆင့် တက်လှမ်းရန် ကြိုးပမ်းနေကြသည်။ သို့သော် ယနေ့အချိန်အထိ ဖျူရှင်ကို စီးပွားဖြစ် လျှပ်စစ်ဓာတ်အားအဖြစ် အဆက်မပြတ်ထုတ်လုပ်နိုင်သည့် ဓာတ်အား ပေးစက်ရုံကို မတည်ဆောက်နိုင်သေးပါ။ တစ်ကျော့ပြန် နျူကလီးယားနည်းပညာ၏ နောက်ထပ်စိတ်ဝင်စားစရာမှာ ထိုအိပ်မက်ကို အကောင်အထည်ဖော်ရန် တစ်နိုင်ငံတည်းကသာ   ကြိုးပမ်းနေခြင်း   မဟုတ်တော့ဘဲ  ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ပုဂ္ဂလိကကုမ္ပဏီများက နည်းလမ်းမျိုးစုံဖြင့် အပြိုင်အဆိုင်ကြိုးပမ်းလာကြခြင်းပင်ဖြစ်သည်။ နောက်တစ်ပတ်တွင် အမေရိကန်တို့၏ မတူကွဲပြားသော ဖျူရှင်နည်းပညာအကြောင်း ဆက်လက်ဆွေးနွေးသွားပါမည်။     

No comments

Powered by Blogger.