ငဝန်တာနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ပုသိမ် စက်တင်ဘာ ၃
ရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းနှင့်
ရေဝင်လမ်းကြောင်းပိတ်ဆို့ကာကွယ်ရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊
တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ
တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ ပေါင်းစပ်၍ ရေဝင်လမ်းအတွင်း
Geo-bags သဲအိတ်ကြီးများချခြင်း၊ ပန်းတာ၏ လက်ဝဲဘက်ခြမ်းနှင့် လက်ယာဘက်ခြမ်းတို့တွင်
ရေတိုက်စားမှုကာကွယ်ရန် သဲအိတ် ၁၀၀ ပါ နိုင်လွန်ပိုက်ကြိုးဖြင့်ထုပ်ပိုးသည့် သဲအိတ်
တွဲများချခြင်း၊ ဧရာမောင် သောင်တူး စက်ကြီးရေယာဉ်တွဲဖြင့် သဲတူးဖော်ပြီး ပန်းတာရေဝင်လမ်းအနီးသို့
သဲမှုတ်သွင်းခြင်း၊ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်နှင့် Silent Pile
Driver, Vibro Hammer Driver တို့ဖြင့် Steel Sheet Pile ရိုက်ခြင်း၊ ရေဝင်လမ်းပိတ်ဆို့
ကာကွယ်ရန် CB တွဲခွံ ပေ (၈၀ x ၁၈ x ၉ ) အတွင်း သဲ၊ ကျောက်ထည့်သွင်း နှစ်မြှုပ်ဆောင်ရွက်လျက်ရှိသည်။
ယနေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး
ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့်
ရေဝင်လမ်းကြောင်း ပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအေးကျော် သည် တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်
မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လေးမျက်နှာမြို့နယ်
ငဝန်တာနိမ့်ကျမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား ဧရာမောင် သောင်တူး ရေယာဉ်ဖြင့် သောင်တူး၍
သဲဖို့ခြင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့ပြင် လေးမျက်နှာမြို့နယ် ကွမ်းခြံကုန်း(အရှေ့)ကျေးရွာ
သေဋ္ဌိကာရုံကျောင်း တိုက်တွင် ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က
ပြည်သူများအနေဖြင့် ရေဘေးကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းရိုင်းပင်း
ကူညီကာ အခက်အခဲများကို အတူတကွ ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို
အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို
အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က
အားပေးစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးက
မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှော ရောဂါဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ
ပေးအပ်သည်။
ထို့အတူ လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စုသို့
သွားရောက်၍ အောင်ဆုပေးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ
ဆက်ကပ်လှူဒါန်းပြီး ရေဘေးရှောင်စခန်းအတွက် မီးစက်တစ်လုံး၊ စက်သုံးဆီများနှင့် ရေဘေးသင့်ပြည်သူများအတွက်
အလှူငွေများ ပေးအပ်သည်။ ယင်းနောက် လေးမျက်နှာမြို့ ကူညီကယ်ဆယ်ရေးကွပ်ကဲရေးရုံးသို့
သွားရောက်၍ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ချီးမြှင့်ငွေများပေးအပ်သည်။
ထိုမှတစ်ဆင့် ဟင်္သာတမြို့နယ် တလုတ္ထော်မြို့
အမှတ် (၂)ရပ်ကွက် ရွှေငြိမ်းကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ
ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့် ပြည်သူများကို အားပေးစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး
ပြည်သူများ၏တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments