အမျိုးသမီးရေးရာဝန်ကြီးဌာနက ရေဘေးသင့်အိမ်ထောင်စု ၄၅၅ စုမှ အမျိုးသမီးများအတွက် အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော် စက်တင်ဘာ ၂၈
အမျိုးသမီးရေးရာဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး
ကျုံပျော်မြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စု ၂၈၀၊ လူဦးရေ ၄၀၀ နှင့် ရေကြည်မြို့နယ်မှ
အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၃၅၀ စုစုပေါင်း ရေဘေးသင့် အိမ်ထောင်စု ၄၅၅ စုမှ အမျိုးသမီးများအတွက်
အမျိုးသမီးသုံးပစ္စည်းများ (Dignity Kits)၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်၊ ဆီ၊
ကုလားပဲစသည့် စားသောက်ကုန်များကို ယနေ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို အမျိုးသမီးရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး
လူမှုရေးရာဝန်ကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ
ဥက္ကဋ္ဌတို့နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အားပေးစကားပြောကြား
ထိုသို့ သွားရောက်ထောက်ပံ့စဉ် ပြည်ထောင်စုဝန်ကြီးက
ရေဘေးသင့်မိသားစုများ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်၊ အရေးပေါ်ကာလကို ကျော်လွန်ပြီး
ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဆောင်ရွက်လိုပါက တစ်ဖက်တစ်လမ်းမှ
ပံ့ပိုးကူညီပေးရန် လာရောက်ခြင်းဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။
ထို့အတူတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတို့ကလည်း ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားကြသည်။
အဆိုပါခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည်
ရေကြည်မြို့ရှိ Bella Interiors Company Limited နှင့် ဒေသခံအမျိုးသမီးများအတွက် ကြိမ်
လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments