ဉာဏ်ရည်တုကျင့်ဝတ်ဆိုင်ရာ (၄) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဖိုရမ် ကျင်းပ
ရီယာ့ဒ် စက်တင်ဘာ ၁၆
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်
ယဉ်ကျေးမှုအဖွဲ့ (UNESCO)နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့
ပူးတွဲကျင်းပသည့် ဉာဏ်ရည်တု (AI) ကျင့်ဝတ်ဆိုင်ရာ (၄)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဖိုရမ်ကို ယမန်နေ့က ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ့်မြို့၌
ကျင်းပခဲ့ရာ ကိုယ်စားလှယ်များက AI ဖွံ့ဖြိုးတိုးတက်မှုကို ဘေးကင်းလုံခြုံရေးနှင့်
တာဝန်ယူမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
UNESCO ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်
အာဆာရက်ဂ်နာက ဖွင့်ပွဲအခမ်းအနားတွင် AI သည် ယခင်က မတွေ့ကြုံဖူးသည့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း AI ဆိုင်ရာ
အုပ်ချုပ်စီမံမှုစနစ်များမှာ ယင်းအရှိန်အဟုန်ကို လိုက်မီရန် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။
ရက်ဂ်နာက ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရန်နှင့်
AI အုပ်ချုပ်စီမံမှုတွင် နိုင်ငံများအားလုံး တန်းတူညီမျှပါဝင်နိုင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် ဖိုရမ်အနေဖြင့် AI ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများကို
လက်တွေ့အကောင်အထည်ဖော်နိုင်ရန် မည်သို့ဆောင်ရွက်မည်ကို ဆွေးနွေးသွားမည်ဟု ဆိုသည်။
ဆော်ဒီဒေတာနှင့်
AI အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ အဗ္ဗဒူလာ ဘင်ရှာရက်ဖ်အယ်လ်ဂါမဒီကလည်း အခမ်းအနားတွင်
နိုင်ငံများ အနေဖြင့် ဘုံအခြေခံမူများကို အခြေခံ၍ AI အုပ်ချုပ်စီမံမှုကို ဆောင်ရွက်သင့်ပြီး တစ်ချိန်တည်းတွင်
မိမိတို့ နိုင်ငံ၏ အမျိုးသားဦးစားပေးကဏ္ဍများနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများနှင့်
ကိုက်ညီအောင် မူဝါဒများကို ပြင်ဆင်ချမှတ်သင့်ကြောင်း ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments