မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) သက်ကြီးသမားတော် ၁၉၀ ကျော်တို့အား ပူဇော်ကန်တော့

 


ရန်ကုန် စက်တင်ဘာ ၁၇

 

မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)မှ သက်ကြီးသမားတော် ၁၉၀ ကျော်တို့အား ပူဇော်ကန်တော့ပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာပစေတီတော် မဟာမုနိဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး) တိုင်းတာဝန်ခံဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင်)က ပူဇော်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်အသီးသီးမှ ကန်တော့ခံ သက်တော်ရှည်သမားတော်ကြီး ၁၉၂ ဦးတို့အား ပူဇော်ကန်တော့ကြရာ သက်တော်ရှည် သမားတော်ကြီး ဦးလှမြင့်နှင့် ဦးချမ်းအေးတို့က ဆုမွန်ကောင်းတောင်းပေးကြသည်။

 

ယင်းနောက် သက်တော်ရှည်သမားတော်ကြီးများအား အသင်းသားများနှင့် အလှူရှင်များက တစ်ဦးလျှင် ပူဇော်ငွေကျပ် တစ်သိန်းစီနှင့် လှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းရာ သက်တော်ရှည်သမားတော်ကြီး ဒေါက်တာ အောင်နိုင်က ကျေးဇူးတင်သြဝါဒစကား ချီးမြှင့်ပြောကြားသည်။

 

ဆက်လက်၍ တွဲဖက်ဘဏ္ဍာရေးမှူး မိမေအေးအေးသန့်က အလှူရှင်စာရင်းနှင့် ရငွေသုံးငွေစာရင်းအား ဖတ်ကြားတင်ပြပြီး တိုင်းတာဝန်ခံဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင်)က အခမ်းအနားအတွက် မတည်အလှူငွေကျပ် သိန်း ၂၀၀ လှူဒါန်းသည့် လှည်းကူးမြို့နယ် ရွှေရင်အေး တိုင်းရင်းဆေးခန်းမှ သက်တော်ရှည်သမားတော်ကြီး ဦးချမ်းအေး မိသားစုနှင့် အလှူရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။ 

 

မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)အနေဖြင့် ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး ရေစက်ချတရားနာယူ ကြည်ညိုကြကာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။  

ကိုဌေး

No comments

Powered by Blogger.