ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)(မိုင်းလား)ရှိ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး
နေပြည်တော် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃)တပ်မတော်ဆေးရုံ (ခုတင် - ၃၀၀)တို့မှ ပါရဂူကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဓာတ်မှန် နှင့် ဓာတ်ခွဲကျွမ်းကျင်သူများ၊ သူနာပြုများ၊ အထောက်အကူပြု ကျွမ်းကျင်ဝန်ထမ်းများနှင့် မိုင်းလားပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများပါဝင်သည့် ကွင်းဆင်းဆေးကုသမှု အဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ ၄(မိုင်းလား)သို့ သွားရောက်၍ ဒေသခံ တိုင်းရင်းသားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
ရောဂါရှာဖွေစစ်ဆေးပေး
ထိုသို့ ဆေးကုသမှုပေးရာတွင် အထွေထွေရောဂါ အထူးကုလူနာ ၁၉၂ ဦး၊ ခွဲစိတ်ရောဂါ အထူးကုလူနာ ၉၉ ဦး၊ ကလေးလူနာ ၆၄ ဦး၊ သားဖွားမီးယပ်အထူးကုလူနာ ၃၅ ဦး၊ အရိုးအကြော အထူးကုလူနာ ၈၇ ဦး၊ မျက်စိအထူးကု လူနာ ၅၄ ဦး၊ နား/နှာခေါင်း/လည်ချောင်း အထူးကုလူနာ ၅၄ ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးလူနာ ၁၁၆ ဦး၊ သွားနှင့်ခံတွင်း လူနာ ၆၇ ဦး၊ စိတ်ကျန်းမာရေး အထူးကုလူနာ ၁၂ ဦး၊ ကင်ဆာရောဂါအထူးကု လူနာ ငါးဦး စုစုပေါင်း ၇၈၃ ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခြင်း၊ လူနာ ၇၂ ဦးကို ECG ဖြင့် စမ်းသပ်စစ်ဆေးပေးခြင်း၊ လူနာ ၁၁၀ ကို Ultrasound ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ လူနာ ၃၅ ဦးကို ဓာတ်ခွဲစစ်ဆေးပေးခြင်း၊ လူနာ ၄၀ ကို ဓာတ်မှန်ရိုက်၍ ရောဂါရှာဖွေပေးခြင်း၊ လူနာနှစ်ဦးကို အသေးစားခွဲစိတ် ကုသမှုပေးခြင်းနှင့် ဒေသခံအာခါတိုင်းရင်းသားများအား အာခါတိုင်းရင်းသားဘာသာ စကားဖြင့် ဘာသာပြန် အသံသွင်းထားသော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ အသံဖိုင်ကို အသုံးပြု၍ မကူးစက်နိုင်သော ရောဂါများနှင့် တီဘီရောဂါကာကွယ်ကုသမှုဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments