ဖိလစ်ပိုင်သင်္ဘော မီးလောင်မှုကြောင့် ၇၆ ဦးသေဆုံး၊ ၁၂ ဦး ပျောက်ဆုံး



စက်တင်ဘာ ၁၅

ဖိလစ်ပိုင်ကမ်းလွန်တွင် စက်တင်ဘာ ၉ ရက်က ခရီးသည်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားပြီးနောက် လူ ၁၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူဦးရေ ၄၄ ဦးအထိ မြင့်တက်လာကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ယနေ့တွင် ပြောကြားခဲ့သည်။

အတည်ပြုထားသော သေဆုံးသူဦးရေ ၇၆ ဦးအထိ ရှိနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်၏ပြောကြားချက်အရ သိရသည်။

ကမ်းခြေစောင့်တပ်ကထုတ်ပြန်သောဗီဒီယိုတွင် ခရီးသည်တင်သင်္ဘောသည် ပြင်းထန်စွာ မီးလောင်ကျွမ်းလျက်ရှိကာ ပြာများနှင့် မီးလောင်နေသော သတ္တုများကို အခင်းဖြစ်ပွားရာနေရာတွင် မြင်တွေ့နိုင်သည်။ ကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

အဆိုပါသင်္ဘောသည် မနီလာမှ ထွက်ခွာပြီး လူသိများသော ခရီးသွားနေရာတစ်ခုဖြစ်သည့် ကိုရွန်ရေပြင်အနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ခရီးသည်အမည်စာရင်းအရ ခရီးသည် ၁၁၇ ဦးနှင့် သင်္ဘောသား ၁၇ ဦး အပါအဝင် လူ ၁၃၄ ဦးသည် သင်္ဘောပေါ်တွင်ပါရှိသည်ဟု သိရသည်။ နောက်ပိုင်းတွင် ခရီးသည်နှစ်ဦးက ယင်းခရီးစဉ်တွင်လိုက်ပါခဲ့ခြင်းမရှိကြောင်း အာဏာပိုင်များအား ပြောကြားခဲ့သည်။

သင်္ဘောများသည် ဖိလစ်ပိုင်ကျွန်းစုတစ်လျှောက်သွားလာရာတွင် မကြာခဏအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်း တစ်ခု ဖြစ်သည်။ ရာသီဥတုဆိုးရွားခြင်း၊ သင်္ဘောများကို ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို ထိရောက်စွာ အကောင်အထည်ဖော်မှု အားနည်းခြင်းတို့ကြောင့် ရေကြောင်းမတော်တဆမှုများသည် ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.