အင်ဒိုနီးရှားနိုင်ငံရှိ တောမီးလောင်ကျွမ်းသည့်ဒေသများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားသူ ၁၅၁၀၀၀ ကျော်ရှိလာ

 


ဂျကာတာ    စက်တင်ဘာ  ၂၁

အင်ဒိုနီးရှားနိုင်ငံရှိ တောမီးနှင့် မြေယာမီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့် ဒေသများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားနေသူအရေအတွက်  ၁၅၁၀၀၀ ကျော် ရှိလာသဖြင့် ဆေးဘက်ဆိုင်ရာ လုပ်သား ၁၉၀၀ နီးပါးနှင့် ဆေးပစ္စည်းများကို အဆိုပါဒေသများသို့ ဖြန့်ကြက်ချထားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

ဒေသခုနစ်ခုတွင် လက်ရှိအချိန်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများမြင့်တက်နေကြောင်း သိရသည်။

အဆိုပါဒေသများရှိ ဒေသခံ ၁၃ သန်းကျော်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးရန်နှင့် ဒေသခံကျန်းမာရေးလုပ်သားများအား အားဖြည့်ရန်အတွက် ကျန်းမာရေးလုပ်သား ၁၈၉၈ ဦးအား စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝီယာဝါတီက ပြောကြားသည်။ လက်ရှိအချိန်တွင် ရပ်ရွာအခြေပြု ကျန်းမာရေးစင်တာ ၁၆၉၁ ခု၊   ဆေးရုံ  ၃၆၀  နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲခန်း ၈၇ ခန်းတို့အား ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ရန်နှင့် လေထုအရည်အသွေး စစ်ဆေးရန် အသင့်ပြင်ထားကြောင်း ၎င်းက ပြောကြားသည်။ မွေးကင်းစကလေးများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန် ဆောင်များ၊ ပန်းနာရပ်ကျပ်နှင့် နှလုံးရောဂါရှိသူများအနေဖြင့် အပြင်သို့ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့်       နှာခေါင်းစည်းများဝတ်ဆင်ရန်  ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားသည်။  

ဆင်ဟွာ

No comments

Powered by Blogger.