ရန်ကုန် - ပြည်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် အမှတ် (၇၄) အစုန်နှင့် ရန်ကုန် - မော်လမြိုင် လမ်းပိုင်းရှိ အမှတ်(၈၃)အဆန် DEMU လူစီးအမြန်ရထားတို့ကို ခဲဖြင့်ပေါက်သူများ ဖမ်းဆီးရမိ
နေပြည်တော်
စက်တင်ဘာ ၂၂
မြန်မာ့မီးရထားအနေဖြင့်
ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရေးအတွက်
ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့်
လူစီးအမြန်ရထားများ ပြေးဆွဲပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင်
အမှတ်(၇၄)အစုန် ပြည်-ရန်ကုန် DEMU လူစီးအမြန်ရထားသည်
တိုက်ကြီးမြို့နယ် ဖလုံနှင့်သနပ် ချောင်းဘူတာအကြား မိုင်တိုင်အမှတ် (၄၈/၂၀ နှင့်
၁၉) အတွင်း ရထား ဖြတ်သန်းစဉ် ရထားလမ်းအရှေ့ဘက်မှ ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏
စက်ခေါင်းနောက် ကပ်လျက် ပထမတန်းတွဲ DEMU(F) 4019 ၏ ခုံအမှတ် 4A နှင့် 4B အကြား ပြူတင်းတံခါးဘေးလေကာမှန် လေးလက်မခန့် ပေါက်ထွက်ကြေမွ ကွဲအက်မှုဖြစ်ပွားပြီး
ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့
ရထားရဲတပ်ခွဲအမှတ်(၁၉)ပြည်မှ ရထားလိုက် လုံခြုံရေး ရဲအုပ်ဦးစီး ငါးဦးနှင့်
တာဝန်ရှိသူများသွားရောက်၍ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းသို့
အကြောင်းကြား ခဲ့ပြီး တိုက်ကြီးမြို့နယ် ရဲမှူးဦးစီးအင်အား စုစုပေါင်း ၁၅ ဦး ည ၈
နာရီ ၁၀ မိနစ်တွင် ရောက်ရှိစုံစမ်းစစ်ဆေးခဲ့ရာ တရားခံဇော်ရဲအောင် အသက်(၃၄) နှစ်
(ဘ) ဦးဝင်းဇော်လင်း ဒုံးခိုက်ရွာ ဖလုံကျေးရွာအုပ်စုနေသူအား ဖြစ်စဉ်ဖြစ်ပွားသည့်
စက်တင်ဘာ ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိပြီး တရားခံကဝန်ခံထွက်ဆိုသဖြင့်
ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေပုဒ်မ (၈၄) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၅ မိနစ် ဖြစ်ပေါ်ခဲ့ပြီး
အခြားရထားများကြန့်ကြာမှုမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲခဲ့သည်။
အလားတူ ယနေ့ နံနက်
၁၀ နာရီ ၂၇ မိနစ်တွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသော အမှတ် (၈၃)
အဆန် DEMU
လူစီးအမြန်ရထားသည် ပေါင်ဘူတာမှ နံနက် ၁၀ နာရီ ၁၃
မိနစ်တွင် ထွက်ခွာလာရာ ပေါင်မြို့နယ်ပေါင်နှင့် သဲဖြူကုန်းဘူတာအကြား
မိုင်တိုင်အမှတ် (၁၆၄/၉ နှင့် ၁၀) အတွင်း ရထားဖြတ်သန်းစဉ် ရထားလမ်း၏ လက်ဝဲဘက်မှခဲဖြင့်
ပစ်ပေါက်ခဲ့သဖြင့် ရထားတွဲဆိုင်း၏ စက်ခေါင်းနောက် သုံးတွဲမြောက်အထက်တန်းတွဲ (၂) DEMU (U) 5007 ၏ ခုံအမှတ် 10 A နှင့် 10 B အကြား ပြူတင်းတံခါးဘေးလေကာမှန်ပေါက်ပြီး စက်ခေါင်းနောက်ငါးတွဲမြောက်
ပထမတန်း တွဲ(၄) DEMU (F)4013 ၏ ခုံအမှတ် 10 A နှင့် 10 B အနီး
ပြူတင်းတံခါးမှန်ပေါက်ထွက် ကြေမွ ကွဲအက်မှု ဖြစ်ပွားခဲ့သည်။ ခရီးသည်နှင့်
ဝန်ထမ်းများ ထိခိုက်မှုမရှိဘဲ ဖြစ်စဉ်ကြောင့် ရထားကြန့်ကြာမှု ၃၈ မိနစ်
ဖြစ်ပေါ်ခဲ့ပြီး အခြားရထားကြန့်ကြာမှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့
အဆိုပါရထားအား နောက်ပြန်ဆုတ်ပြီး တရားခံအား ရှာဖွေဖော်ထုတ်ခဲ့ရာ ကျော်လင်းထွန်း
အသက်(၄၄)နှစ် (ဘ) ဦးမောင်အေး ဘန့်ဘွေးကုန်းကျေးရွာ ရာသက်ပန်လမ်း
ပေါင်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ
(၈၄)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့်
၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေး လုပ်ငန်း
ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကိုတစ်စုံတစ်ရာဖြင့် ပြစ်ပေါက်ခြင်း
(သို့မဟုတ်) တစ်စုံ တစ်ရာ ပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ
ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ်၂၀ အထိ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင်
ငွေဒဏ်ကိုလည်း ချမှတ်နိုင်ပြီး ဖမ်းဆီးရမိသော တရားခံများကို ဥပဒေနှင့်အညီ
ထောင်ဒဏ်များအသီးသီးချမှတ် အရေးယူဆောင်ရွက်လျက် ရှိကြောင်းနှင့်
နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာ နိုင်ရေးအတွက်
အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားရန်
လိုအပ်ကြောင်း သိရသည်။
သတင်းစဉ်
No comments