ဂျပန်နိုင်ငံ Izu ကျွန်းစုများအနီးသို့ အားပြင်းအပူပိုင်းမုန်တိုင်း Surigae ရောက်ရှိလာနိုင်
စက်တင်ဘာ ၂၉
တိုကျိုမြို့လယ်၏တောင်ဘက်ရှိ Izu ကျွန်းစုများအနီးသို့ ပြင်းထန်သော အပူပိုင်းမုန်တိုင်း Surigae သည် အောက်တိုဘာ ၁ ရက်နေ့တွင် ရောက်ရှိလာနိုင်သည်။ မုန်တိုင်းလမ်းကြောင်းနှင့်ပတ်သက်၍ မသေချာမရေရာမှုများကြောင့် ပြည်သူများအနေဖြင့် နောက်ဆုံးရ မိုးလေဝသသတင်းများနှင့် အာဏာပိုင်များ၏ သတိပေးချက်များကို ဆက်လက်စောင့်ကြည့်ရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီ၏ ပြောကြားချက်အရ ယနေ့ နံနက် ၆ နာရီအထိ အပူပိုင်းမုန်တိုင်း Surigae သည် နိုင်ငံတောင်ပိုင်းရေပြင်ပေါ်တွင် တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားလျက်ရှိသည်ဟု သိရသည်။
၎င်းမုန်တိုင်း၏ ဗဟိုလေထုဖိအားမှာ ၉၈၅ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးဆက်လက် တိုက်ခတ်နိုင်သော လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၈ ကီလိုမီတာ ရှိသည့်အပြင် ရုတ်တရက် အမြင့်ဆုံး လေပြင်းတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၆၂ ကီလိုမီတာ အထိရှိနိုင်ကြောင်း ဖော်ပြထားသည်။
ထိုမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ယူဆထားပြီး အောက်တိုဘာ ၁ ရက်နေ့တွင် Izu ကျွန်းစုများနှင့် နီးကပ်လာနိုင်သည်ဟုမိုးလေဝသခန့်မှန်းသူများက သတိပေးထားသည်။
စက်တင်ဘာ ၃၀ ရက်မှစ၍ Izu ကျွန်းစုများတွင် လှိုင်းလုံးများ တဖြည်းဖြည်းမြင့်တက်လာမည်ဟု မျှော်လင့်ရသည့်အပြင် ၎င်းမုန်တိုင်းမှ စိုစွတ်သောလေသည် Honshu ကျွန်းမကြီး၏ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက် မိုးရွာသွန်းမှုကို ပိုမိုအားကောင်းစေနိုင်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments