M-League ပြိုင်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်း အဝေးကွင်း၌ ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်
ရန်ကုန် စက်တင်ဘာ ၆
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်
မြန်မာလိဂ်က ကြီးမှူး၍ Grand Royal၊ AYA
Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့်
၂၀၂၆ - ၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်(၂) တတိယနေ့ကို
စက်တင်ဘာ ၆ ရက်တွင် ပုသိမ်ကျောက်တိုင်ကွင်း၌ ကျင်းပရာ ဒဂုံစတားယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို
ငါးဂိုးပြတ် အနိုင်ရရှိသည်။
ရာသီအစအဖွင့်ပွဲတွင်
အနိုင်ရထားသည့်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး ဒဂုံစတားယူနိုက်တက်အသင်းက အဝေးကွင်း၌
ဂိုးပြတ်အနိုင်ယူကာ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ နည်းပြသစ် ဦးချစ်နိုင်
လက်ထက်တွင် ပုံစံကောင်းပြသနေသည့် ဒဂုံစတားယူနိုက်တက်အသင်းသည် အဝေးကွင်း၌ ဂိုးပြတ်အနိုင်ယူခဲ့သလို
နှစ်ပွဲစလုံး ပေးဂိုးမရှိ ဂိုးပြတ်အနိုင်ရထားပြီး ယခုရာသီတွင် တစ်သင်းတည်းသော ပေးဂိုးမရှိသည့်အသင်းအဖြစ်
ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့်
ပွဲထွက်လာပြီး နိုင်ငံခြားသားကစားသမား သုံးဦးပါဝင်သည့် ဒဂုံစတား ယူနိုက်တက်အသင်းက ရုန်းအားပိုကောင်းခဲ့သည်။
ပွဲအစ ရှစ်မိနစ်မှာပင် ဒဂုံစတားယူနိုက်တက်အသင်း အဖွင့်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင်
သီဟဇော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင်လည်း ဒဂုံစတားယူနိုက်တက်
အသင်း ပိုဖိကစားနိုင်ခဲ့ပြီး ၁၄ မိနစ်တွင် ပက်ထရစ်၊ ၃၃ မိနစ်တွင် သီဟဇော်တို့က ဂိုးများထပ်သွင်းကာ
ပထမပိုင်း အပြီးတွင် သုံးဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင်လည်း ဒဂုံစတားယူနိုက်တက်အသင်းက
ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၅၇ မိနစ်တွင် အန်ဂျော့ရှ်၊ ၆၈ မိနစ်တွင် ပက်ထရစ်တို့က
အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of
the Match ဆုကို ဒဂုံစတားယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်ကရရှိပြီး အမှတ်တရဆုနှင့်
ဆုကြေးကျပ် ၁၀ သိန်း ရရှိသည်။ ပွဲစဉ် (၂ )နောက်ဆုံးနေ့ကို စက်တင်ဘာ ၇ ရက်တွင် Sunset
Field Star City Sport Club ၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး
အား/ကာသိပ္ပံအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ML

No comments