ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော်အား ဖူးမြော်ကြည်ညို




နေပြည်တော် စက်တင်ဘာ ၁၂

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ တွင် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ကမ္ဘောဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajah Dhipiti BOUR KRY အား သွားရောက်ဖူးမြော် ကြည်ညို သည်။


ဦးစွာ နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ကျောင်းသား ကျောင်းသူ လူငယ် မောင်မယ်လေးများနှင့် တာဝန်ရှိသူများက သာသနာ့အလံတော်နှင့် နှစ်နိုင်ငံအလံ ငယ်များ ဝှေ့ယမ်း၍ ကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတသည် Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ပန်းမန်များ ကပ်လှူ ပူဇော်ပြီး ဖူးမြော်ကြည်ညိုသည်။


ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကမ္ဘောဒီးယားနိုင်ငံ သံဃာအဓိပတိ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ ဆရာ တော်ကြီးထံမှ ဩဝါဒများ နာယူ ကြည်ညိုသည်။ ဆက်လက်၍ ဆရာတော်ကြီးက မြန်မာ-ကမ္ဘော ဒီးယားချစ်ကြည်ရေး အထိမ်း အမှတ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ ကမ်ပုန်စပူးပြည်နယ်၊ ဥဒေါင်း ဒေသ၊ အမ်ပါယ်ရောင်ကျေးရွာတွင် အေးငြိမ်းချမ်းသာ မြန်မာဘုန်းတော် ကြီးကျောင်း (International Peace Cambodia - Myanmar Dormitory) တည်ဆောက်လျက်ရှိမှုအခြေအနေကို ရှင်းလင်းမိန့်ကြားရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို မေးမြန်း လျှောက်ထားသည်။


ထို့နောက် နိုင်ငံတော်သမ္မတ က ဆရာတော်ကြီးထံ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တစ်ဆူနှင့် မာရဝိဇယဘုရားကြီး တည်ဆောက် ခဲ့မှု မှတ်တမ်းစာအုပ်အား လည်း ကောင်း၊ လှူဖွယ်ပစ္စည်းများနှင့် စုပေါင်းလှူဒါန်းငွေများအားလည်း ကောင်း ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက နိုင်ငံတော်သမ္မတထံ မြန်မာ - ကမ္ဘောဒီးယား ချစ်ကြည်ရေး အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးနှင့်အတူ မှတ်တမ်း တင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးနှင့်အတူ ဗုဒ္ဓ တက္ကသိုလ်ကျောင်း ပရိဝုဏ် အတွင်း လှည့်လည်ကြည့်ရှု ကြည်ညိုကြပြီး ဗုဒ္ဓတက္ကသိုလ်မှ ပြန်လည်ထွက်ခွာရာ ကျောင်း သား ကျောင်းသူ လူငယ်မောင်မယ်လေးများနှင့် တာဝန်ရှိသူများက သာသနာ့အလံတော်နှင့် နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍ ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.