AFC Challenge League ပြိုင်ပွဲ အုပ်စု (E) တွင် ရှမ်းယူနိုက်တက်နှင့် နယူးတိုင်ပေဟန်ယွမ်အသင်း သရေကျ
ရန်ကုန် အောက်တိုဘာ ၁၈
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်
၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲ
အုပ်စု (E) ပထမနေ့ကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌
ကျင်းပရာ မြန်မာ ကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် တရုတ်တိုင်ပေကလပ် နယူးတိုင်ပေဟန်ယွမ်အသင်း
တစ်ဂိုးစီ သရေကျခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည်
နောက်တစ်ဆင့်တက်ရေး အဓိကပြိုင်ဘက်ဖြစ်လာနိုင်သည့် တရုတ်တိုင်ပေကလပ်အသင်းကို အဖွင့်ပွဲတွင်
အနိုင်မကစားနိုင်ဘဲ သရေကျခဲ့သဖြင့် လက်ကျန်နှစ်ပွဲတွင် ဆက်လက်ရုန်းကန်ရမည်ဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဂိုးရနိုင်သည့် အခွင့်အရေးများစွာ ရခဲ့သော်လည်း
အဆုံးသတ်အားနည်းမှုကြောင့် နိုင်ပွဲနှင့် ဝေးခဲ့ရခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည်
နန္ဒကျော်၊ ကျော်ဇင်ဖြိုး(ဂိုး)၊
ကျော်မင်းဦးစသည့် ပြည်တွင်းကစားသမားများကို နိုင်ငံခြားသားကစားသမားငါးဦးနှင့်
တွဲဖက်အသုံးပြုခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသဖြင့် အပြန်အလှန်ကစားနိုင်သော်လည်း
ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ထို့ပြင် ပထမပိုင်းတွင်
ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အံ့အားသင့်ဖွယ်လွဲချော်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင်
ဂိုးမရှိသရေကျနေသည်။ ၅၂ မိနစ် တွင် ထောင့်ကန်ဘောမှတစ်ဆင့် လီဟိုင်ချန်က နယူးတိုင်ပေအသင်းအတွက်
ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၆၄ မိနစ်တွင် သက်ဝေမိုးက ချေပဂိုးပြန်သွင်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ဂိုးထပ်မံရရှိရန် ကြိုးပမ်းသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် အောက်တိုဘာ
၂၁ ရက်တွင် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း
- ကိုညီလေး၊ ဓာတ်ပုံ - စိုးညွန့်သော်

No comments