ဒူးဒဏ်ရာရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ကစားသမား လွင်မိုးအောင် ခွဲစိတ်ကုသမှုခံယူရမည်

 


ရန်ကုန်  အောက်တိုဘာ  ၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည်    ဒူးဒဏ်ရာရရှိထားကြသည့် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သော မောင်မောင်လွင်၊ ဟိန်းဖြိုးဝင်းနှင့် လွင်မိုးအောင်တို့အား ထိုင်းနိုင်ငံ ဗန်ကောက်ဆေးရုံ ၌ ဆေးစစ်မှုနှင့် ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့နောက်ဆုံးရရှိသည့် MRI စစ်ဆေးချက်များအရ ဖီဖာအာဆီယံဖလားပြိုင်ပွဲတွင်  ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့သည့်  ကွင်းလယ်လူ လွင်မိုးအောင်သည် ဒဏ်ရာအခြေအနေကြောင့် လာမည့်သောကြာနေ့တွင် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ပြီး   ခွဲစိတ်မှုပြီးပါက   အချိန်လုံလောက်စွာ အနားယူရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ခံစစ်ကစားသမား ဟိန်းဖြိုးဝင်းမှာ ခွဲစိတ်ကုသရန်မလိုအပ်တော့ဘဲ MFF  ဆေးဘက်ဆိုင်ရာ အဖွဲ့၏ ကြီးကြပ်မှုဖြင့် လေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မောင်မောင်လွင်သည်လည်း ခွဲစိတ်ရန်မလိုဘဲ လက်ရှိတွင်  အပေါ့စားလေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့် နိုဝင်ဘာလအတွင်း မြန်မာ့လက်ရွေးစင်အသင်းအတွက်  ဖီဖာ နိုင်ငံတကာခြေစမ်းပွဲများ   ယှဉ်ပြိုင်ကစားနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                  

နေမျိုး၊ ဓာတ်ပုံ-MFF

No comments

Powered by Blogger.