ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၌ လုယက်လူသတ်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား သုံးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ “စိတ်တိုင်းကျ” အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်၌ လုယက် လူသတ်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသား သုံးဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၄၂)ရပ်ကွက် ဦးဝိစာရလမ်းနေ ဒေါ်စန္ဒာဝင်း (၅၇)နှစ်သည် အပြင်မှ ၎င်းပိုင် “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် သို့ ပြန်လည်ရောက်ရှိစဉ် အမျိုးသား တစ်ဦးမှဆိုင်ရှိ ငွေရှင်းကောင်တာ အံဆွဲအား ဖွင့်နေသည်ကို တွေ့ရှိ သဖြင့် မေးမြန်းရာ အဆိုပါ အမျိုးသားမှ ၎င်းအားလက်သီးဖြင့် ထိုးကြိတ်ခဲ့သဖြင့် ဝဲပါးဖူးရောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်ချိန် တည်းတွင် နေအိမ်မီးဖိုခန်းအတွင်း ရှိ ခင်ပွန်းဖြစ်သူ ဦးကျော်ကျော်လွင် အား အခြားအမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခုတ်ပြီး ထွက်ပြေး သွားရာ ဦးကျော်ကျော်လွင်မှာ လည်ပင်း၊ ဝဲ/ယာပါး၊ ကုပ်ပိုး၊ နောက်ကျောနှင့် ယာလက်မောင်း တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိ ခဲ့သောကြောင့် ဆေးကုသစဉ် သေဆုံးသွားခဲ့သဖြင့် ပြစ်မှု ကျူးလွန်သူ တရားခံအမျိုးသား သုံးဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း (ပ)၉၅၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၄၅၂/ ၃၅၄/၃၂၃ ဖြင့် အမှုဖွင့်လှစ်ပြီး ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အခင်း ဖြစ်နေ့ မွန်းလွဲပိုင်းတွင် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် သက်သေခံ ဓားမတစ်ချောင်း၊ ဓားဦးချွန် ငါးချောင်း၊ ကတ်ကြေးတစ်လက်၊ လေးခွတစ်လက်တို့အား အခင်း ဖြစ်ပွားရာ “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် အတွင်း၌ သိမ်းဆည်းရမိခဲ့ပြီး တရားခံများ ဆက်လက်ဖမ်းဆီး နိုင်ရေးအတွက် နယ်မြေသတင်း ရယူစုံစမ်းခြင်းများ ဆောင်ရွက် ခဲ့ရာ အောက်တိုဘာ ၇ ရက် မွန်းလွဲ ပိုင်းတွင် ပြစ်မှုကျူးလွန်သူ ရွှေပြည်သာမြို့နယ် (ဏ/၁၄)ရပ်ကွက် ပန်းခြံ(၉) ငကျွဲလမ်းနေ တရားခံ အောင်ကိုဦး(ခ)လင်းလင်းရွှေ (၃၅)နှစ်အား ၎င်း၏ နေအိမ်၌ လည်းကောင်း၊ ပြစ်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ (ဏ/၁၄)ရပ်ကွက် သုခမိန်လမ်းနေ ဇော်မျိုးနိုင်(ခ)အရှည်ကြီး(၃၉)နှစ် နှင့် ရွှေပြည်သာမြို့နယ် (တ/၁၅)ရပ်ကွက် ဖိုးရာဇာလမ်းနေ ကျော်ကိုကို(ခ) ကံဦး (၂၆)နှစ်တို့ အား ၎င်းတို့၏ နေအိမ်များ၌ လည်းကောင်း ဖမ်းဆီးရမိခဲ့ကာ သေဆုံးသူ ဦးကျော်ကျော်လွင်၏ လက်မှ ဖြုတ်ယူရရှိခဲ့သည့် အလေးချိန် ၈ ပဲသားရှိ သက်သေခံ ရွှေလက်စွပ် တစ်ကွင်းအား ရွှေပြည်သာမြို့နယ် လှော်ကား ဈေးအတွင်းရှိ နဝလီရွှေဆိုင်မှ ပြန်လည်သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် အတွင်း ဝင်ရောက်၍ လုယက် လူသတ်မှု ကျူးလွန်ခဲ့ကြသူ တရားခံ အောင်ကိုဦး(ခ) လင်းလင်းရွှေပါ သုံးဦးတို့အား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments