ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား



နေပြည်တော် အောက်တိုဘာ ၈

 

၂၀၂၆ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ နာယက ဒုတိယ သမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ကြသည်။

 

ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကား ပြောကြား ရာတွင် ယခုနှစ်ကျင်းပမည့် (၂၇) ကြိမ်မြောက်ပြိုင်ပွဲကရရှိလာမည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာ အမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များအနေဖြင့် အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းလိုစိတ်၊ ဂုဏ်ယူမြတ်နိုး တန်ဖိုးထားလိုစိတ်များ ဖြစ်ထွန်းလာစေရေးတို့အတွက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအချက်အနေဖြင့် ပြိုင်ပွဲဝင်များ ရွေးချယ်ရေးနှင့် ပြိုင်ပွဲအဆင့်ဆင့်ကို စနစ်တကျကျင်းပနိုင်ရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပြိုင်ပွဲဝင်များကို ရိုးရာအနုပညာ၏ မူရင်းအနှစ်သာရနှင့် အစဉ်အလာများကို ထိန်းသိမ်းလိုက်နာ စေပြီး တစ်ဖက်တွင်လည်း မျိုးဆက်သစ်များ၏ ဖန်တီးနိုင်စွမ်းနှင့်အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာ စေရန် အားပေးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် အကဲဖြတ်စနစ် တိကျမှန်ကန်ပြီး မျှတမှုရှိရေးကို အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ အကဲဖြတ်ပညာရှင်များအနေဖြင့် သက်ဆိုင်ရာအနုပညာ ရပ်၏ စံနှုန်းများ၊ ရိုးရာမူရင်းအနှစ်သာရများ၊ အနုပညာစွမ်းရည်၊ တင်ဆက်မှုပုံစံနှင့် စည်းမျဉ်းစည်းကမ်း များကို အခြေခံပြီး ပွင့်လင်းမြင်သာမှု၊ မျှတမှုရှိရှိဖြင့် အကဲဖြတ်ပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း။

တတိယအချက်အနေဖြင့် ရိုးရာအနုပညာပညာရှင်ကြီးများ၏ အတွေ့အကြုံနှင့် ပညာရပ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးနိုင်ရေးကိုလည်း အလေးထားရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက် အနေဖြင့် ယခုခေတ်တွင် နည်းပညာတိုးတက်လာမှုနှင့်အတူ ဒီဂျစ်တယ်နည်းပညာများကို အသုံးချပြီး မြန်မာ့ရိုးရာအနုပညာများကို မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ဖြန့်ဝေခြင်းနှင့် မျိုးဆက်သစ်များထံ ရောက်ရှိစေရေးကိုလည်း ဆက်လက်ဖော်ဆောင်သင့်ပါကြောင်း၊ ပြိုင်ပွဲကာလအတွင်း တင်ဆက်မှုများကို စနစ်တကျ မှတ်တမ်းတင်ထားခြင်းဖြင့်လည်း အနာဂတ်ကာလတွင် သုတေသနပြုခြင်းနှင့် လေ့လာသင် ယူမှုများအတွက် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ပဉ္စမအချက်အနေဖြင့် ပြိုင်ပွဲဝင်များ၏ စိတ်ဓာတ်တက်ကြွမှု၊ အနုပညာစွမ်းရည် အပြည့်အဝဖော်ထုတ်နိုင်မှုနှင့် ကျန်းမာရေး၊ လုံခြုံရေးတို့ကိုလည်း စနစ်တကျစီမံဆောင် ရွက်ပေးရန် လိုအပ်ကြောင်း။

 

ထို့ပြင် ပြိုင်ပွဲကျင်းပရာတွင် ပြိုင်ပွဲအချိန်ဇယား၊ ကျွေးမွေးဧည့်ခံရေး၊ တည်းခိုနေထိုင်ရေး၊ သွားလာပို့ ဆောင်ရေး၊ သတင်းပြန်ကြားရေး စသည့်ကဏ္ဍများကို ကြိုတင်ပြင်ဆင်စီမံထားပြီး တာဝန်ရှိသူများက မိမိတို့၏ တာဝန်များကို အချိန်မီပြီးမြောက်အောင် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူအားလုံးက သက်ဆိုင်ရာကဏ္ဍ အလိုက် စိတ်အားထက်သန်စွာ၊ တာဝန်ယူမှုရှိစွာ၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြိုင်ပွဲကျင်းပသွားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအေးထွန်းက ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြိုင်ပွဲအဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်နေမှု၊ ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယ သမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments

Powered by Blogger.