အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
နေပြည်တော် အောက်တိုဘာ ၁
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများ ပိုမိုတိုးမြှင့်ရန်၊ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ
လေ့လာရေးခရီးစဉ်များ အပြန်အလှန်သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ရန် ချစ်ကြည်ရေးခရီးစဉ်အဖြစ်
စတုတ္ထအကြိမ် သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်မှ
အိန္ဒိယနိုင်ငံ ဂါယာမြို့သို့ ထွက်ခွာခဲ့ကြသည်။
အဆိုပါ မြန်မာ့တပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
စက်တင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ ဂါယာမြို့ရှိ မဟာဗောဓိစေတီတော်၊ ဗုဒ္ဓဂယာနှင့်
စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဂါယာမြို့ရှိ
ဗိုလ်သင်တန်းကျောင်း (OTA) သို့ သွားရောက်လေ့လာခဲ့ကြသည်။ ညပိုင်းတွင် မြန်မာ့တပ်မတော်မှ
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများက ညစာစားပွဲဖြင့်
တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ မြန်မာ့တပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိကြရာ လေဆိပ်တွင်
နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး
Colonel Arjun N Singh (အာဂျွန်အန်ဆင်းဟ်) တို့က ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments