တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

 



နေပြည်တော် အောက်တိုဘာ ၁


တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် မီတာခကောက်ခံမှုစနစ်ပြောင်းလဲရေး၊ လျှပ်စစ်မီးရရှိရေး၊ မြို့ရှောင်လမ်းစီမံကိန်း ဆောင်ရွက်ပေးရေး၊ လမ်းများအဆင့်မြှင့်တင်ပေးရေး၊ တံတားတည်ဆောက်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၁ ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းနှစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။


ဦးစွာ လသာမဲဆန္ဒနယ်မှ ဦးလှတင့်၏ မီတာခကောက်ခံမှုစနစ်အား ပြည်သူများ အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများ အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်သည် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်စပ်လျဉ်းသည့် အချက်အလက်များကို မိနစ်ပိုင်း၊ နာရီပိုင်းအလိုက် အချိန်နှင့်တစ်ပြေးညီ အလိုအလျောက်တိုင်းတာထားပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူနှင့် ထိန်းချုပ်ကွပ်ကဲသူတို့က သိရှိနိုင်ရန်နှင့် Online Banking မှတစ်ဆင့် ဓာတ်အားခပေးချေနိုင်သည်အထိ စီစဉ်ချိတ်ဆက်ထားသောစနစ်တစ်ခု ဖြစ်ပါကြောင်း။


အဆိုပါ အချိန်နှင့်တစ်ပြေးညီသိသောမီတာခကောက်ခံမှုစနစ်တွင် တပ်ဆင်ရသော မီတာများသည် ရိုးရိုး Analougue နှင့် Digital မီတာများကဲ့သို့ လ၏အဆုံးတွင် မီတာတပ်ဆင်သည့်နေရာတွင် သွားရောက်ဖတ်ရှုရန်မလိုဘဲ သိရှိလိုသည့်အချိန်တွင် Utility ၏ Control Center နှင့် Consumer တို့သည် ချိတ်ဆက်ထားသော Monitoring Display တွင် လည်းကောင်း၊ Web Portal တွင်လည်းကောင်း ချက်ချင်းကြည့်ရှုသိရှိနိုင်သည့် စနစ်ဖြစ်ပါကြောင်း၊ ယင်းစနစ်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများတွင် Hardware အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးကွန်ရက်၊ ဆော့ဖ်ဝဲလ်နှင့်စနစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ၊ လုံခြုံမှု၊ ပြုပြင်ထိန်းသိမ်းမှုနှင့် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ လိုအပ်မည်ဖြစ်ပါကြောင်း။


လက်ရှိလျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် တပ်ဆင်ပေးထားသော မီတာအရေအတွက် စုစုပေါင်း ၆၉၂၇၀၉၁ လုံးရှိသည့်အနက်၊ AMI မီတာလဲလှယ်တပ်ဆင်ပြီးမီတာ ၁၃၇၃၀၇၅ လုံးဖြစ်ပါ၍ လဲလှယ်ရန် ၅၅၅၄၀၁၆ လုံး ကျန်နေပါကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အားသုံးစွဲရန် အသစ်လျှောက်ထားသူများအတွက်လည်း ထပ်မံလိုအပ်ပါမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ AMI မီတာများ တိုးချဲ့တပ်ဆင်မှု၊ Main Server တိုးချဲ့မှု၊ Billing Server နှင့်ဘဏ်ချိတ်ဆက်မှုအတွက် Software & System Infrastructure တိုးချဲ့မှုတို့ကို နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


အဆိုပါ အခြေခံအဆောက်အအုံများကို အပြည့်အဝ တည်ဆောက်အကောင်အထည်ဖော်နိုင်မှသာလျှင် အချိန်နှင့်တစ်ပြေးညီသိသော မီတာခကောက်ခံမှုစနစ်ကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် ဆောင်ရွက်ရန် အချိန်ကာလနှင့် ဘဏ္ဍာငွေကြေး များစွာလိုအပ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


လောင်းလုံးမဲဆန္ဒနယ်မှ ဦးတင့်လွင်၏ လောင်းလုံးမြို့ပေါ်ရပ်ကွက်လေးခုနှင့် ဆက်စပ်ကျေးရွာများအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူမြို့များ၏ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကံပေါက်ဒေသတွင် ၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ ဓာတ်အားပေးစက်များ မောင်းနှင်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေနှစ်သန်းခန့်ကို ခွဲဝေဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း။


ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၃၃ ကေဗွီ ထားဝယ်-လောင်းလုံး-ဇလွတ် ဓာတ်အားလိုင်း၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ လောင်းလုံး ဓာတ်အားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဇလွတ်ဓာတ်အားခွဲရုံတို့အား တည်ဆောက်၍ ကံပေါက် သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံမှ ဓာတ်အားဖြင့် ဓာတ်အားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၃၀-၉-၂၀၂၅ ရက်တွင် လောင်းလုံးမြို့ပေါ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံအတွင်းသို့ အကြမ်းဖက်အဖွဲ့မှဝင်ရောက်၍ ပစ်ခတ်ဖျက်ဆီးမှုများကြောင့် Main Transformer နှင့် ဆက်စပ်ပစ္စည်းများပျက်စီး၍ ဓာတ်အားပြတ်တောက်ခဲ့ရပါကြောင်း။


လက်ရှိနယ်မြေအခြေအနေအရ ပျက်စီးသွားသည့် ထရန်စဖော်မာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများအား ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပါကြောင်း၊ ဓာတ်အားခွဲရုံ ပြန်လည်ပြုပြင်နိုင်ရေးအတွက် လိုအပ်သည့်ရန်ပုံငွေအား တနင်္သာရီတိုင်းဒေသကြီး အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား တောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် နယ်မြေအခြေအနေနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပြန်လည်စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


တမူးမဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်၏ တမူးမြို့နယ်သို့ မဟာဓာတ်အားလိုင်းရောက်ရှိအောင် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က တမူးခရိုင် တမူးမြို့နယ်အတွင်းသို့ မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်နိုင်ရန် ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံမှ ၂၃၀ ကေဗွီ ကလေး-တမူး ဓာတ်အားလိုင်း မိုင် ၉၀ တည်ဆောက်၍ ၂၃၀ ကေဗွီ တမူးပင်မဓာတ်အားခွဲရုံသို့ ဆက်သွယ်ရမည်ဖြစ်ပြီး အဆိုပါ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းသည် ခမ်းပါတ်မြို့အနီးမှ ဖြတ်သန်းသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားပေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (မြောက်ပိုင်း) သို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်း မိုင် ၉၀ နှင့် ဓာတ်အား ခွဲရုံစီမံကိန်းနှင့် တမူးမြို့မှ လေးမိုင်ခန့်အကွာ တမူး-ကလေး ကားလမ်းမကြီး အရှေ့ဘက်ဘေး၊ တမူးမြို့ အင်ဒိုင်းကျေးရွာအုပ်စု ကွင်းအမှတ် OSS ကွင်းပြင်အတွင်းရှိ ဧက ၁၀၀ အကျယ်အဝန်းရှိမြေတွင် ၂၃၀/ ၆၆ ကေဗွီ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရန် လျာထားခဲ့ပါကြောင်း။


 ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၂၃၀ ကေဗွီ ကလေး-တမူး ဓာတ်အားလိုင်း မိုင် ၉၀ နှင့် ပင်မဓာတ်အားခွဲရုံ (မြေယာလျော်ကြေး ပေးအပ်နိုင်ရေးနှင့် ခြံစည်းရိုးကာရံခြင်း) လုပ်ငန်းများအတွက် တင်ဒါခေါ်ယူစိစစ်ဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှလည်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား သဘောတူညီမှုဖြင့် ၂၃၀/၆၆ ကေဗွီ တမူးပင်မဓာတ်အားခွဲရုံမှ တမူးမြို့သို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း လေးမိုင်နှင့် တမူးမြို့ ဗောဓိကုန်းရပ်၊ မြို့မရပ်ကွက်၊ အကွက်အမှတ် ၆၃ တွင် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထပ်ဆင့် ဓာတ်အားခွဲရုံတည်ဆောက်၍ တမူးမြို့ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် လျာထားခဲ့သော်လည်း နယ်မြေဒေသ အခြေအနေအရ လျာထားစီမံကိန်းများကို ဆက်လက်ဆောင်ရွက်နိုင်မှု မရှိသေးပါကြောင်းနှင့် နယ်မြေဒေသ အခြေအနေ ကောင်းမွန်လာပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ဓာတ်အားခွဲရုံ တစ်ရုံနှင့် ၁၁ ကေဗွီ အစိုးရလျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က နောင်ချိုမြို့နယ်ရှိ ကံကြီးကျေးရွာသို့ ၃၃/၁၁ ကေဗွီ ရွှေညောင် ပင်မဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ နောင်ချိုမြို့တွင်းဖီဒါမှတစ်ဆင့် ဓာတ်အားဖြန့်ဖြူးပေးထားပြီး ၁၁ ကေဗွီ ဓာတ်အားလိုင်းမှာ ကံကြီးကျေးရွာအထိ ၂၁ မိုင်ခန့် ရှည်လျားပါကြောင်း၊ ကံကြီးကျေးရွာမှ တောင်ရှည်ကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၃ မိုင်ခန့် ထပ်မံဆွဲရမည်ဖြစ်သဖြင့် စုစုပေါင်း ၁၁ ကေဗွီ ဓာတ်အားလိုင်းမှာ ၃၄ မိုင်ခန့် ရှိမည်ဖြစ်သည့်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးရန် နည်းပညာအရ သင့်လျော်မှုမရှိသည့်အတွက် ၃၃ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံ ထပ်မံတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။


သို့ဖြစ်ပါ၍ နောင်ချိုမြို့နယ်၏ တောင်ဘက်ခြမ်းတွင်ရှိသော တောင်ရှည်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရန် ၃၃ ကေဗွီ ရေလင့်ဓာတ်အားခွဲရုံမှ တောင်ရှည်ကျေးရွာအထိ ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် တောင်ရှည်ကျေးရွာတွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံတည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာရေးနှစ်မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်ထောင်စုရန်ပုံငွေဖြင့် လျာထားသွားမည်ဖြစ်ပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


တနိုင်းမဲဆန္ဒနယ်မှ ဦးမြင့်ကို၏ တနိုင်းမြို့ပေါ်ရှိ ရပ်ကွက် (၇) ခုနှင့် တပ်နယ်လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအား နေ့စဉ်လျှပ်စစ်မီး သုံးနာရီ ပုံမှန်ရရှိရေးအတွက် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က တနိုင်းမြို့အား ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်သုံးလုံးဖြင့် လစဉ်ဌာနဆီခွဲတမ်း ၁၇၅၅ ဂါလန်နှင့် ထပ်မံလိုအပ်သည့် စက်သုံးဆီအား မြို့မီးလင်းရေးကော်မတီ၏ ထောက်ပံ့မှုဖြင့် ဓာတ်အားသုံးစွဲသူ ၂၂၄၆ ဦးအား တစ်ရက်လျှင်သုံးနာရီဖြင့် နေ့စဉ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း။


၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဒီဇယ်စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ ဒေသတွင်ဝယ်ယူရန်ခက်ခဲလာခြင်း၊ ဓာတ်အားခများ တိုးမြှင့်ကောက်ခံသော်လည်း စက်သုံးဆီထောက်ပံ့ရန် အဆင်မပြေခြင်းတို့ကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီများပါဝင်သော အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၅ ခုနှစ် မေလတွင် မြို့မီးလင်းရေးကော်မတီအားဖျက်သိမ်းခဲ့ပြီး ဌာနဒီဇယ်ဆီခွဲတမ်း ၁၇၅၅ ဂါလန်ဖြင့်သာ မောင်းနှင် ဓာတ်အားပေးခဲ့ရပါကြောင်း။


ထို့ပြင် ဒီဇယ်ဓာတ်အားပေးစက် သုံးလုံးရှိသည့်အနက် နှစ်လုံးမှာ စက်မောင်းသက်တမ်း ကြာမြင့်လာခြင်းကြောင့် ချွတ်ယွင်းခဲ့ပြီး မီးစက်ကုမ္ပဏီများမှ ကျွမ်းကျင်သူများကလည်း နယ်မြေအခြေအနေကြောင့် သွားရောက်ပြုပြင်နိုင်မှုမရှိသဖြင့် ကျန်ရှိသည့် ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် တစ်လုံးဖြင့်သာ ဌာနဆီခွဲတမ်း ၁၇၅၅ ဂါလန်ဖြင့် မောင်းနှင်၍ အုပ်စု သုံးစုခွဲကာ အုပ်စုတစ်ခုလျှင် ၁ နာရီ ၁၅ မိနစ်ခန့် အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါကြောင်း။


သို့ဖြစ်ပါ၍ တနိုင်းမြို့ပေါ်ရပ်ကွက်များ နေ့စဉ်လျှပ်စစ်မီး သုံးနာရီရရှိရေးအတွက် နယ်မြေအခြေအနေ ကောင်းမွန်ချိန်တွင် ကျွမ်းကျင်ပညာရှင်များအားစေလွှတ်ပြီး ချွတ်ယွင်းလျက်ရှိသည့် ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက်နှစ်လုံးအား ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျက်သိမ်းခဲ့သော တနိုင်းမြို့မီးလင်းရေးကော်မတီအား ပြန်လည်ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


မိုးနဲမဲဆန္ဒနယ်မှ စိုင်းထွန်းလင်း၏ မိုးနဲမြို့ရှောင်လမ်းစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မိုးနဲမြို့ရှောင်လမ်းဖောက်လုပ်ရန် လမ်းကြောင်းအရှည်မှာ ၁၄ မိုင် ၂ ဖာလုံခန့်ရှိပါကြောင်း၊ မိုးနဲမြို့ရှောင်လမ်း ဖောက်လုပ်မည်ဆိုပါက လမ်းနယ်အကျယ် သတ်မှတ်ချက်မှာ ပေ ၁၅၀ ဖြစ်ပါသဖြင့် လမ်းနယ်ဧရိယာမှာ ၂၅၉ ဧကခန့်ရှိမည်ဖြစ်ပြီး ယာမြေ ၂၂၅ ဧကနှင့် လယ်မြေ ၃၄ ဧကဖြစ်ပါကြောင်း၊ လမ်းနယ်သတ်မှတ်သိမ်းသွင်းနိုင်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြေယာသိမ်းဆည်းခြင်းနှင့် မြေယာလျော်ကြေးများပေးချေခြင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရေး တည်ဆောက်ရမည့် လမ်း/တံတားလုပ်ငန်းများအတွက် ဒီဇိုင်းတိုင်းတာ ပုံထုတ်ခြင်း၊ စီမံကိန်းတန်ဖိုး တွက်ချက်ခြင်း၊ စီမံကိန်းအသစ်ဆောင်ရွက်ရန် ခွင့်ပြုချက်တင်ပြတောင်းခံခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။


မိုးနဲမြို့တွင်းလမ်းပိုင်း ၁ မိုင် ၄ ဖာလုံအား ကွင်းရှောင်နိုင်ရန် မြို့ရှောင်လမ်းအား ၁၄ မိုင် ၂ ဖာလုံ ဖောက်လုပ်ရမည်ဖြစ်ခြင်း၊ လယ်ယာမြေ ၂၅၉ ဧကအတွက် လယ်ယာမြေလျော်ကြေးများ ပေးချေရမည်ဖြစ်ခြင်း အစရှိသည့် မြို့ရှောင်လမ်းဖောက်လုပ်မည်ဆိုပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ဖောက်လုပ်မည့်ကုန်ကျစရိတ်များ စသည့်အချက်အလက်များအား တွက်ချက်စဉ်းစား သုံးသပ်ပြီးမှသာလျှင် ဆောင်ရွက်ရမည်ဖြစ်ခြင်းနှင့် လက်ရှိအခြေအနေအရ ယာဉ်သွားလာမှုအတွက် ကောင်းစွာလုံလောက်မှုရှိခြင်းတို့ကြောင့် လတ်တလောတွင် မိုးနဲမြို့ရှောင်လမ်းဖောက်လုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။


လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရ၏ လက်ပံတန်း - သာရဝေါသွား မဟာဗျူဟာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း (သို့မဟုတ်) အကြီးစား ပြင်/ထိန်း ပြုလုပ်ခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လက်ပံတန်း- သာရဝေါသွား မဟာဗျူဟာလမ်းသည် လက်ပံတန်းမြို့နှင့် ဧရာဝတီမြစ်ကမ်းပါးရှိ ကျုံလဟာကျေးရွာသို့ ဆက်သွယ်ထားသည့် ၂၀ မိုင် ၂ ဖာလုံအရှည်ရှိသော လက်ပံတန်း - ကျုံလဟာလမ်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၁၄ မိုင် ၁ ဖာလုံနှင့် ကျောက်ခင်းလမ်း ၄ မိုင် ၃ ဖာလုံ ဖြစ်ပါကြောင်း။


အဆိုပါလမ်းအား ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၁ ဖာလုံ၊ လမ်းအောက်ခံမြေပြုပြင်၍ ဒု-အခြေခံလွှာခင်းခြင်း ၄ ဖာလုံ လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်နေသော နေရာများအား သွားလာမှု အဆင်ပြေချောမွေ့စေရန် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပျက်စီးနေသော လမ်းပိုင်း ၁ မိုင်အား ကျောက်ခင်းလမ်းခင်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းအား နှစ်အလိုက် အဆင့်ဆင့် တိုးမြှင့်လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


မက်မန်းမဲဆန္ဒနယ်မှ ဦးရန်ကျော်၏ မက်မန်းမြို့နယ်၌ ဘဏ္ဍာရေးနှစ် (၁) နှစ်လျှင် ကွန်ကရစ်လမ်း (၃) မိုင်မှ (၅) မိုင်ခန့် ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မိုင်းပျဉ်း-မက်မန်းလမ်းသည် ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်မှ မက်မန်းခရိုင် မက်မန်းမြို့နယ်အထိ ၆၇ မိုင် ၆ ဖာလုံအရှည်ရှိသော မိုင်းပျဉ်း-မက်မန်းလမ်း၏ လမ်းပိုင်းတွင်ပါဝင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ မက်မန်းခရိုင် မက်မန်းမြို့နယ်အပိုင်းသည် ၄၆ မိုင် ၇ ဖာလုံအရှည်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၂၅ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၃ ဖာလုံ၊ ကျောက်လမ်း ၆ မိုင် ၆ ဖာလုံနှင့် အမာခံလမ်း ၁၄ မိုင်ရှိပါကြောင်း။


မိုင်းပျဉ်း - မက်မန်းလမ်း၏ မက်မန်းခရိုင် မက်မန်းမြို့နယ်အပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ၂ ဖာလုံ၊ ကျောက်လမ်းနှင့် အမာခံလမ်းပိုင်းများတွင် ခွဲကျောက်ဖြင့် လမ်းမျက်နှာပြင်ပြုပြင်ခြင်း ၂ မိုင် ၄ ဖာလုံ လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်အလိုက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ဘိုကလေးမဲဆန္ဒနယ်မှ ဦးစန်းမောင်၏ ဘိုကလေး-ကြိမ်ချောင်းကြီးလမ်းပိုင်းနှင့် ကြိမ်ချောင်းကြီး - ကဒုံကနိလမ်းပိုင်းတို့အား ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဘိုကလေး - ကြိမ်ချောင်း - ကဒုံကနိလမ်းသည် ၂၀၀၈ ခုနှစ် နာဂစ်ကာလအပြီး ဖောက်လုပ်ခဲ့သော နာဂစ်လမ်းကွန်ရက် ၁၁ လမ်းအနက်မှ အမှတ် ၅ လမ်းဖြစ်ပြီး လမ်းအရှည် ၄၂ မိုင်ရှိသည့် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၂၄ ပေအကျယ် ကတ္တရာလမ်း ၂ ဖာလုံ ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၅ မိုင်၊ ၁၆ ပေအကျယ် အမာခံလမ်း ၂၆ မိုင် ၆ ဖာလုံဖြစ်ပြီး ကောင်းမွန်သောအပိုင်း ၆ ဖာလုံ၊ အသင့်အတင့် ကောင်းမွန်သောအပိုင်း ၆ မိုင် ၄ ဖာလုံနှင့် ပျက်စီးမှုများပြားသော အပိုင်း ၃၄ မိုင် ၆ ဖာလုံ ဖြစ်ပါကြောင်း။


အဆိုပါလမ်းအား ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း ၄ ဖာလုံနှင့် ပျက်စီးနေသော အမာခံလမ်းအားပြုပြင်ခြင်း ၁ မိုင် ၁ ဖာလုံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ကတ္တရာလမ်းပေါက်နှင့် ကျောက်လမ်းပေါက်များ ပြုပြင်ခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်းမှ ကတ္တရာလမ်းသစ်ခင်းခြင်း ၂ မိုင် လျာထားသွားမည်ဖြစ်ပြီး နှစ်လတ်မူဘောင် ၃ နှစ် စီမံကိန်းတွင်လည်း အမာခံလမ်းမှ ကတ္တရာလမ်းခင်းခြင်း ၆ မိုင် ၂ ဖာလုံ ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲထားပါကြောင်း ပြန်လည်ဖြေကြားသည်။


မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်၏ မကွေးမြို့နယ် ဂဲကြီးကုန်း၊ ယင်းကွေ့ချောင်းနှင့် လက်ပံတိုကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မကွေး - တောင်တွင်းကြီးလမ်းမှ ဂဲကြီးကုန်း-ယင်းကွေ့ချောင်း-လက်ပံတိုလမ်းသည် ရန်ကုန်-ပြည်-မန္တလေးလမ်းမှခွဲထွက်ပြီး ဂဲကြီးကုန်း ကျေးရွာ လက်ပံတိုကျေးရွာ၊ ယင်းကွေ့ချောင်း ကျေးရွာများအား ဆက်သွယ်ထားသော လမ်းအရှည် ၉ မိုင် ၇ ဖာလုံရှိသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ လက်ရှိ လမ်း၏အခြေအနေမှာ အမာခံလမ်း ၉ မိုင် ၇ ဖာလုံ ဖြစ်ပါကြောင်း။


အဆိုပါလမ်းအား ၂၀၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နိုင်ရန် လမ်းအရှည် ၁ မိုင် ၄ ဖာလုံကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသော အမာခံလမ်းပိုင်းကိုလည်း တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေတွင် နှစ်အလိုက် လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။


ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေး- ဂန့်ဂေါလမ်းရှိ ကမ္ဘားနီသံကူကွန်ကရစ်တံတား ဆောက်လက်စအား ရပ်နားထားခဲ့သဖြင့် မည်သည့်ဘဏ္ဍာနှစ်တွင် ပြန်လည်တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါ-ကလေးလမ်း မိုင်တိုင် ၅၁ မိုင် ၄ ဖာလုံနှင့် ၅၁ မိုင် ၆ ဖာလုံအကြားရှိ ကမ္ဘားနီတံတားအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းရပ်ဆိုင်းခဲ့ပါကြောင်း၊ ကမ္ဘားနီတံတားအသစ်၏ လုပ်ငန်းရပ်နားသည့်အချိန်တွင် တံတားတစ်စင်းလုံးပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်း ဖြစ်ပါကြောင်း။


တံတားတည်ဆောက်ခြင်း လုပ်ငန်း၏ အောက်ခြေအုတ်မြစ်လုပ်ငန်းနှင့် ကိုယ်ထည်လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ တံတားအပေါ်ထည် လုပ်ငန်းဖြစ်သည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ ၅ လုံး ထုတ်လုပ်ပြီးစီးပြီး ပေ ၃၀ သံကူ ကွန်ကရစ်ကြမ်းခင်းတစ်ခန်း ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါကြောင်း၊ ကမ္ဘားနီတံတား ကျန်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအား လတ်တလောပြန်လည်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။


ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း”တို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။


တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကိုရပ်နားလိုက်ပြီး အစည်းအဝေး ဒသမနေ့ကို အောက်တိုဘာ ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအဖွဲ့

No comments

Powered by Blogger.