နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့


နိုင်ငံတစ်နိုင်ငံကို စီးပွားရေးတိုးတက်လာစေရန်၊ ခေတ်မီဖွံ့ဖြိုးလာစေရန် တည်ဆောက်သည့်အခါ နဂိုရှိရင်းစွဲ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိတတ်စမြဲပင်ဖြစ်သည်။ သို့ရာတွင် ခေတ်သစ်ကမ္ဘာ၌ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ယှဉ်တွဲလုပ်ဆောင်နိုင်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) နည်းလမ်းများ ပေါ်ပေါက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေဖျက်ဆီးရန် မလိုအပ်တော့ဘဲ နိုင်ငံလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သဘာဝပတ်ဝန်းကျင်လည်း ရေရှည်တည်တံ့အောင် နည်းပညာနှင့် စနစ်တကျ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။


လူနှင့်တကွ သက်ရှိသတ္တဝါများ ပေါက်ဖွားရှင်သန်လာရခြင်းသည် ဤသဘာဝပတ်ဝန်းကျင်ကြောင့်သာလျှင်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် မပျက်မစီး တည်တံ့နေမှသာ လူနှင့်သက်ရှိတို့လည်း ဆက်လက်တည်တံ့နိုင်မည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပါက လူသားတို့၏ နေ့စဉ်လူမှုဘဝနှင့် ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်လာစေနိုင်သည်။ သစ်တောများသည် အောက်ဆီဂျင်ကိုပေးပြီး ရေအရင်းအမြစ်များက သောက်သုံးရေကိုပေးသည်။ လူတို့ စားသုံးသည့် သီးနှံ၊ ဆန်စပါးနှင့် သားငါးတို့ကို ကောင်းမွန်သည့် မြေဆီလွှာနှင့် ရေထုစနစ်တို့မှ ရရှိသည်။


ကမ္ဘာပေါ်ရှိ တိရစ္ဆာန်များနှင့် အပင်များ အားလုံးတို့မှာ သူ့ကဏ္ဍနှင့်သူ ဂေဟစနစ်ကို ထိန်းညှိပေးသည့် တာဝန်ကိုယ်စီရှိကြသည်။ မျိုးစိတ်တစ်ခု ပျက်သုဉ်းသွားခြင်းက အခြားမျိုးစိတ်များကို ကွင်းဆက်လိုက် ထိခိုက်စေသည်။ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုများကြောင့် လူတို့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကင်ဆာနှင့် အခြားကူးစက်ရောဂါများကို ဖြစ်စေသည်။ သစ်တောများ ပြုန်းတီးခြင်းက လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကို ပိုမိုဆိုးရွားသွားစေသည်။ သို့ဖြစ်ရာ လူသားတို့အနေဖြင့် မိမိခန္ဓာကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်ကြရသလိုပင် ကမ္ဘာကြီး၏ ကျန်းမာရေးကိုလည်း မိမိကိုယ်၏ နည်းတူပင် ဂရုစိုက်ကြရန်လိုသည်။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည်မှာ ကမ္ဘာပေါ်ရှိ သက်ရှိများနှင့် သက်ရှိမဟုတ်သောအရာများ၊ သစ်ပင်ပန်းမန်များ၊ သားငှက်တိရစ္ဆာန်များ၊ ရေ၊ လေနှင့် မြေ စသည့်သဘာဝအရင်းအမြစ်များကို လူတို့၏ လုပ်ဆောင်ချက်များကြောင့် ပျက်စီးယိုယွင်းမှု မရှိစေရန်နှင့် ရေရှည်တည်တံ့စေရန် ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးအတွက် ရေ၊ လေ၊ သစ်တောနှင့် ဓာတ်သတ္တုများကို နောင်လာနောက်သားများ ဆက်လက်အသုံးပြုနိုင်ရန် စနစ်တကျသုံးစွဲခြင်း၊ ရှားပါးလာသည့် သားငှက်တိရစ္ဆာန်များနှင့် အပင်မျိုးစိတ်များ မျိုးသုဉ်းမသွားစေရန် ကာကွယ်ခြင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် မှန်လုံအိမ်ဓာတ်ငွေ့များ ထွက်ရှိမှုကိုလျှော့ချရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုကို ထိန်းချုပ်ခြင်း၊ လေထု၊ ရေထုနှင့် မြေထုညစ်ညမ်းမှုကာကွယ်ရန် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲခြင်းတို့ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။


ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ယှဉ်တွဲဆောင်ရွက်ရာတွင် ရုပ်ကြွင်းလောင်စာများ အလွန်အကျွံသုံးစွဲပြီး လေထုညစ်ညမ်းစေသည့်နေရာတွင် ရေအား၊ နေစွမ်းအင်၊ လေစွမ်းအင် စသည့်ပြန်ပြည့်မြဲစွမ်းအင်များ အစားထိုးခြင်း၊ သစ်တောများကိုခုတ်ထွင်ပြီး ကွန်ကရစ်မြို့ကြီးများ တည်ဆောက်မည့်အစား အစိမ်းရောင်မြို့ပြ (Green Cities) စနစ်ဖြင့် သစ်ပင်များ၊ သစ်တောငယ်များ၊ ပန်းဥယျာဉ်များကို မြို့ပြစီမံကိန်းတွင် ထည့်သွင်းဆောက်လုပ်ခြင်း၊ စက်ရုံထွက် စွန့်ပစ်ပစ္စည်းများ၊ ဓာတုဗေဒရေဆိုးများကို မြစ်ချောင်းများထဲ တိုက်ရိုက်စွန့်ပစ်မည့်အစား ရေဆိုးသန့်စင်စနစ် (Water Treatment) သုံးခြင်းနှင့် အမှိုက်များကို ပြန်လည်ပြုပြင်သုံးစွဲခြင်း (Recycling) ကို ဆောင်ရွက်ကြရမည် ဖြစ်သည်။


မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ရာ နိုင်ငံခေတ်မီရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်မှုများစွာ ဆောင်ရွက်ကြရဦးမည်ဖြစ်ရာ တည်ဆောက်မှုတိုင်းတွင် နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အမြော်အမြင်ကြီးစွာ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန် လိုသည်။ တစ်ဖက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်လာသလို နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည်လည်း လိုက်လျောညီထွေစွာ ပိုမိုကောင်းမွန်လာရမည်ဖြစ်သည်။ နိုင်ငံ၏ ရေထု၊ မြေထု၊ လေထုတို့ သန့်ရှင်းကောင်းမွန်စေရန်၊ သဘာဝ သစ်တောများ၊ သစ်ပင်များနှင့် ရေအရင်းအမြစ်များ မပျက်စီးစေရန် ရည်ရွယ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်သည့်အပြင် အဆိုပါဥပဒေများ အားကောင်းရှင်သန်နေရန်အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်လိုသည်။ နိုင်ငံတော်သာယာရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာတွင် နိုင်ငံသားအားလုံး မိမိတို့နှင့် သက်ဆိုင်သည့် ကိုယ်စီတာဝန် ကျေပွန်ကြရပါမည့်အကြောင်း။ ။

No comments

Powered by Blogger.