ဖြစ်ပေါ်နိုင်သည့်သဘာဝအန္တရာယ် ကဏ္ဍအလိုက်ကြိုတင်ဆောင်ရွက်
ယခုအခါ အနောက်တောင်မုတ်သုံလေရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီ ဆောင်းဥတုကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ အမှန်တကယ်တွင် မိုးအကုန် ဆောင်းအကူးကာလဖြစ်၍ အေးမြသည့်ရာသီဥတုကို ခံစားရမည်ဖြစ်သော်လည်း အပူချိန်ပြင်းထန်ပြီး ရာသီဥတုအပြောင်းအလဲ အတက်အကျဖြစ်ပေါ်နေသည့် အကြောင်းရင်းနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိထားရမည်ဖြစ်သည်။
ယခုနှစ်တွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်နေကြောင်းကို သက်ဆိုင်ရာ မိုးလေဝသအဖွဲ့အစည်းများက အစောပိုင်းကတည်းက အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။ မိုးဦးကာလတွင်ပင် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပေါ်လာကြောင်း အသိပေးထားပြီး ယခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကာလများတွင် အယ်လ်နီညိုဖြစ်စဉ် အမြင့်ဆုံးအဆင့် ရောက်ရှိလာကြောင်းနှင့် လာမည့်နှစ်မိုးမကျမီကာလအထိ အင်အားအပြင်းထန်ဆုံး အယ်လ်နီညိုဖြစ်စဉ်ကို ကြုံတွေ့ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မိုးလေဝသဌာနများက အသိပေးထုတ်ပြန်ခဲ့သည်။
ယခုအခါ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် နောက်ဆက်တွဲ သက်ရောက်မှုများအရ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့အလယ်ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ပိုမိုမြင့်တက်လာသည့် သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်သည်။ အယ်လ်နီညိုဖြစ်ပေါ်ချိန်တွင် ကမ္ဘာတစ်ဝန်း၌ အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရာသီဥတုဖောက်လှဲဖောက်ပြန်ဖြစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း စသည့် အချိန်အခါမဟုတ် အစွန်းရောက်ရာသီဥတုဖြစ်စဉ်အမျိုးမျိုး ဖြစ်ပေါ်လေ့ရှိပြီး ကာလအားဖြင့် တစ်နှစ်ခန့်ကြာမြင့်သည်။
အယ်လ်နီညိုဖြစ်စဉ်များသည် အနည်းဆုံးနှစ်နှစ်မှ အကြာဆုံး ခုနစ်နှစ်လျှင် တစ်ကြိမ်ကျ ဖြစ်ပေါ်လေ့ရှိသည်။ နှစ်တစ်နှစ်၏ နှစ်လယ်ကာလတွင် အစပျိုးဖြစ်ပေါ်လေ့ရှိသော ယခုနှစ်ကဲ့သို့ အယ်လ်နီညိုဖြစ်စဉ်များသည် ခရစ္စမတ်ကာလတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိပြီး ဒုတိယနှစ်၏ ပထမနှစ်ဝက်ကာလတွင် တဖြည်းဖြည်း အားလျော့သွားလေ့ရှိသည်။ အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကို ကမ္ဘာအရပ်ရပ်တွင် ကြုံတွေ့ရလေ့ရှိသော်လည်း အထူးသဖြင့် အီကွေတာနှင့်နီးသော ဒေသများတွင် ပိုမိုခံစားရလေ့ရှိသည်။ ဥပမာအားဖြင့် အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် တောင်အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေတွင် မိုးခေါင်ရေရှားမှုဖြစ်စဉ်များ၊ အာရှတိုက်တောင်ပိုင်းတွင် မုတ်သုံရာသီလေ အားနည်းစေခြင်းများ၊ အပူချိန် ပြင်းထန်မှုနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။
အယ်လ်နီညိုဖြစ်စဉ်ကြောင့် နောက်ဆက်တွဲ သတိပြုရမည့်အချက်များတွင် စားရေရိက္ခာစိန်ခေါ်မှုများနှင့် ကျန်းမာရေးအရ ဆိုးရွားစွာ ထိခိုက်မှုအခြေအနေများကို သတိပြုရမည်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တိုက်ရိုက်ထိခိုက်မှု ကြီးကြီးမားမား မကြုံတွေ့နိုင်သော်လည်း နောက်ဆက်တွဲ ရိုက်ခတ်မှုများတွင် ကျန်းမာရေးအရ ထိခိုက်မှုအန္တရာယ်များကို သတိမူရမည်ဖြစ်သည်။ စားရေရိက္ခာ ထိခိုက်မှုမရှိစေရန်အတွက် အဓိကကျသော စိုက်ပျိုးရေ၊ သောက်သုံးရေများကို ပြတ်လပ်ခြင်းမရှိအောင် ကြိုတင်စီမံ သိုလှောင်ထိန်းသိမ်းထားရမည်ဖြစ်သည်။ မိုးခေါင်ရေရှားမှု ကြုံတွေ့နိုင်သော ဒေသများအတွက် ရေသိုလှောင်ထိန်းသိမ်းခြင်းနှင့် ဖြန့်ဝေပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။ အများပြည်သူအားလုံးအတွက်မူ အပူဒဏ်အန္တရာယ်အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်သည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာအောင် နေထိုင်ပြုမူ လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ အပူဒဏ်အန္တရာယ်ကြောင့် ရေဓာတ်ခန်းခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းတို့မှ အသက် အန္တရာယ်ဖြစ်စေနိုင်သည့် အချက်များကို သတိပြုရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ရေများများသောက်ရန်၊ အရိပ်ရ၍ အေးမြသည့်နေရာတွင် အနားယူရန်၊ အပြင်သွားသည့်အခါ ထီး၊ ဦးထုပ်ဆောင်းရန်၊ အရက်၊ ဘီယာ၊ ကော်ဖီနှင့် အချိုရည် လွန်ကဲစွာသောက်သုံးခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။ မသန့်ရှင်းသော ရေနှင့် အစားအစာမှ ကူးစက်ဖြစ်ပွားနိုင်သော ဝမ်းပျက်၊ ဝမ်းကိုက်၊ အစာအဆိပ်သင့်၊ တိုက်ဖွိုက်၊ အသည်းရောင်၊ အရေပြားနှင့် မျက်စိဆိုင်ရာရောဂါများကို သတိပြုရမည်ဖြစ်သည်။
ပူပြင်းခြောက်သွေ့မှုကြောင့် တောမီးလောင်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို သတိပြုရမည်ဖြစ်သည်။ ဖုန်မှုန့်နှင့်မီးခိုးငွေ့များကြောင့် ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းပိုးဝင် ခြင်းရောဂါများကို သတိပြုရမည်ဖြစ်သည်။ ဖုန်မှုန့်နှင့်မီးခိုးငွေ့များ များပြားချိန်တွင် နှာခေါင်းစည်းတပ်ဆင်ရန်၊ အိမ်တွင်းနှင့် ပတ်ဝန်းကျင်လေထု သန့်ရှင်းမှုကို ထိန်းသိမ်းရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် နောက်ဆက်တွဲ သက်ရောက်မှုများအရ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီး ပြည်သူများအနေဖြင့် ကျန်းမာရေးအတွက် အထူးသတိပြုနေထိုင် လုပ်ကိုင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

No comments