တစ်ကျော့ပြန် နျူကလီးယား နည်းပညာ (၈)

 


နီဇော်သစ်

တစ်ကျော့ပြန် နျူကလီးယားနည်းပညာအဖြစ် ဖျူရှင်နည်းပညာကို ဆွေးနွေးခဲ့သည်မှာ တော်တော် စုံသလောက်ရှိပြီဟု  ဆိုနိုင်ပါသည်။ ဖျူရှင်နည်းပညာသည် ထုံးတမ်းစဉ်လာ ဖစ်ရှင်နည်းပညာထက်  ဘာတွေသာလဲဆိုလျှင် ရေဒီယို သတ္တိကြွစွန့်ပစ်ပစ္စည်းထွက်ရှိမှု  အလွန်နည်းသည်။ လောင်စာမှာ ယူရေနီယံကို သန့်စင်ရခြင်းမျိုးမဟုတ်ဘဲ ဒူတီရီယံ နှင့် ထရစ်တီယံဆိုသည့် ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်နှစ်မျိုးဖြစ်သည်။ ဒူတီရီယံမှာ သမုဒ္ဒရာထဲတွင် ပေါပေါများများ ရနိုင်သည်။ ထရစ်တီယံမှာ ရှားသော်လည်း ဖျူရှင်လုပ်ငန်းစဉ်ထဲမှာပင် မွေးထုတ်နိုင်သည့် နည်းပညာရှိသည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါဖျူရှင်နည်းဖြင့် နျူကလီးယားဗုံး ထုတ်လုပ်နိုင်ခြင်းမရှိသည့်အချက်ပင်။

ရှေ့တွင် တင်ပြခဲ့သလိုပင် ဖျူရှင်မှ လျှပ်စစ်ထုတ်လုပ်ဖို့ဆိုသည်က ယခုတိုင်မရောက်သေးသည့် အဆင့်ဖြစ်သည်။လက်ရှိအဆင့်မှာ ဖျူရှင်ဖြစ် အောင်လုပ်နိုင်ပြီ။ တစ်နည်းအားဖြင့် နေ၏ဗဟိုချက်တွင်  ဖြစ်ပျက်နေသော သဘော တရားကို မြေကမ္ဘာပေါ်တွင် ဖန်တီးနိုင်ပြီ။ သို့သော် လျှပ်စစ်ထုတ်လုပ်ရန် စွမ်းအင်လုံလုံလောက်လောက် ပေးနိုင်သည်အထိတော့ မလုပ်နိုင်သေး။ ထို့ကြောင့် တိုးတက်မှုမှာ မြေကမ္ဘာပေါ်တွင် ဖျူရှင်ဖြစ်အောင် လုပ်နိုင်ပါ့မလားဆိုသည့် မေးခွန်းကို  လုပ်နိုင်ကြောင်း ဖြေပြီးပြီ။ နည်းနှစ်နည်းဖြင့်လုပ်နိုင်သည်။ သံလိုက်နည်းနှင့် လေဆာနည်း။

ရှေ့ဆက်ရမည့် အနီးဆုံးခရီးမှာ နေထဲတွင် ဖြစ်နေသလို ဖျူရှင်ဖြစ်စဉ်ကို  အပြင်မှစွမ်းအင် ထပ်ဖြည့်စရာမလိုဘဲ အဆက်မပြတ်ဖြစ်နေစေဖို့။ ထိုသို့ အဆက်မပြတ်ဖြစ်နေမှသာ အလုပ်ဖြစ်မည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ စတင်စဉ်းစား၍ ရမည်။ ယခုအချိန်အထိတော့ မည်သည့်နေရာတွင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့အထိ စမ်းသပ် နိုင်ခြင်းမရှိသေး။  ဆိုလိုသည်မှာ  ဖျူရှင်ဖြစ်စဉ်ကို လုံလောက်သည်အထိ  အဆက်မပြတ်ဖြစ်အောင် မလုပ်နိုင်သေး။

ထိုအဆင့်များကို ဖြတ်ကျော်ပြီးတော့မှ စီးပွားဖြစ် ထုတ်လုပ်ဖို့ကိုက်ရဲ့လားဆိုသည့် မေးခွန်းကို ဖြေရမည်။ ဖျူရှင် ဓာတ်ပေါင်းဖိုများ အမှန်တကယ်အသက်ဝင်လာရန်မှာ ထိုမေးခွန်းကို ဖြေနိုင်ဖို့က အရေးကြီးဆုံးဟုထင်သည်။ ထုံးတမ်း စဉ်လာ ဖစ်ရှင်နျူကလီးယားဓာတ်ပေါင်းဖိုများကတော့ အရင်းအနှီးကြီးသည်။ သို့သော် ပျမ်းမျှအားဖြင့် နှစ် ၂၀ မှ ၃၀ အတွင်း  အရင်းကျေသည်ဟု   အိုင်အေအီးအေက တွက်ချက်ထားသည်။ အရင်းကျေပြီးလျှင် လျှပ်စစ်ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့အောက် လျော့သွားပြီ။ ထို့ကြောင့် ရေရှည်တွင် တွက်ခြေကိုက် ကြောင်း သက်သေပြနိုင်ခဲ့သည်။ သို့တိုင် ဟီရိုရှီးမားနှင့် နာဂါစကီ ဖြစ်စဉ်တို့၏ အရိပ်မည်းကြီးနှင့် ချာနိုဘိုင်း၊ ဖူကူရှီးမားတို့ကဲ့သို့ မတော်တဆဖြစ်ရပ်များက ဖစ်ရှင်နျူကလီးယား ဓာတ်ပေါင်းဖိုတို့ကို အများမကြိုက်ဖြစ်စေပြီး တုံ့ဆိုင်းနေခဲ့သည်။

ယခု ဖျူရှင် နည်းပညာမှာ ထိုကဲ့သို့ ပြဿနာမျိုးမရှိ။  နည်းပညာအရပင်   နျူကလီးယားဗုံး လုပ်သည့် နည်းပညာနှင့် ကွဲပြားနေသည်။ ထို့ကြောင့် အရိပ်မည်းမရှိ။ လောလောဆယ်အထိ ဝမ်းနည်းဖွယ်ရာ မတော်တဆဖြစ်ရပ်မျိုးလည်းမရှိ။ စွန့်ပစ်ပစ္စည်းများအတွက်လည်း ပြဿနာဖြစ်နိုင်ခြေနည်းသည်။ ယေဘုယျအားဖြင့် အလားအလာရှိသည်ဟု ဆိုနိုင်သည်။ သိပ္ပံနှင့် နည်းပညာပိုင်းတွင်လည်း တိုးတက်မှုက  တော်တော်လေးအလားအလာကောင်းသည်။ ရည်မှန်းချက် တော်တော်များများကို အရောက်သွားထားနိုင်သည်။ သံလိုက်သုံး တိုကာမက်နည်းပညာပိုင်းတွင် တိုးတက်မှုကို ပိုမို ပွင့်ပွင့်လင်းလင်းမြင်နေရပြီး ဖျူရှင်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ပြောင်းဖို့ အပိုင်းကို ရောက်နေပြီ။ ဖျူရှင်စွမ်းအင်ကို လိုသလောက်  အဆက်မပြတ်ရရန်  အလားအလာကောင်းနေ၍   ထိုသို့ဦးတည်နိုင်ခြင်းဖြစ်သည်။ မရသေးသော်လည်း    ရဖို့ဖြစ်တန်ခြေများသည်။ လေဆာနည်း၏ တိုးတက်မှုကိုတော့ သိပ်ပြီးမမြင်ရ။ ဟီလီယွန်နှင့် မိုက်ခရိုဆော့ဖ်တို့၏ အများပြည်သူကို အသိပေးထားသည့် စာချုပ်အရ ၂၀၂၈ ခုနှစ်တွင် လျှပ်စစ်  အမှန်တကယ်ထုတ်ရောင်းနိုင်မည်ဟု ဆိုထားသည်။ သို့သော် မသေချာသေး။

ထိုစာချုပ်မျိုးချုပ်သည်မှာ ဖျူရှင်စွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ပြောင်းနိုင်သည့်အပြင် စီးပွားဖြစ်လည်းထုတ်နိုင်သည်ဟု ပြောသလိုမျိုးဖြစ်နေသည်။  မျက်မြင်အားဖြင့်တော့ ထိုအဆင့်ကို လောလောဆယ် မည်သူမျှ  မရောက်ကြသေးပါ။ ထိုအဆင့်မှာ သိပ္ပံနှင့် နည်းပညာအပြင် စီးပွားရေးလည်း ပါလာသည်။ တစ်နှစ်လျှင် နာရီထောင်ပေါင်းများစွာ လည်ပတ်နိုင်ဖို့လိုမည်။ ထိန်းသိမ်းပြုပြင်ရမည့်    အစိတ်အပိုင်းများကိုလည်း  အစားထိုးတပ်ဆင်နိုင်ရမည်။  စီးပွားရေးအောင်မြင်မှုတစ်ခု ဖြစ်လာရန်အတွက် တည်ဆောက်စရိတ်၊ လည်ပတ်စရိတ်၊  ပြုပြင်ထိန်းသိမ်းစရိတ်၊ လောင်စာစနစ်၊ ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အားပေးစက်ရုံ၏ သက်တမ်းတို့ကိုပါ ထည့်တွက်ရမည်။

ထို့ကြောင့် တည်ဆောက်နိုင်ရမည်။ ကြာရှည်လည်ပတ်နိုင်ရမည်။ ပြုပြင်ထိန်းသိမ်းနိုင်ရမည်။ လျှပ်စစ်ကို ယုံကြည် စိတ်ချစွာထုတ်လုပ်နိုင်ရမည်။ ထိုလျှပ်စစ်ကို သင့်တင့်သော ကုန်ကျစရိတ်ဖြင့် ရောင်းချနိုင်ရမည်။ ထိုအချက်များအားလုံးကို ဖြေရှင်းပေးနိုင်သည့် နည်းပညာကသာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီး လျှပ်စစ်ဓာတ်အားပေးစနစ်ထဲသို့ ဝင်ရောက်နိုင်မည်။ သို့ဖြစ်ရာ ဖျူရှင်၏ နောက်ဆုံးပြိုင်ပွဲမှာ ပလာစမာရူပဗေဒတစ်ခုတည်း၏ ပြိုင်ပွဲမဟုတ်တော့။ ရူပဗေဒ၊ အင်ဂျင်နီယာပညာ၊ ဒြပ်ဝတ္ထု သိပ္ပံ၊ ထိန်းချုပ်နည်းပညာ၊ လောင်စာစနစ်နှင့် စီးပွားရေးတို့    ပေါင်းစပ်ထားသည့်    ပြိုင်ပွဲတစ်ခုဖြစ်သည်။

ဖျူရှင်အောင်မြင်ခဲ့ပါကလည်း လူသားတို့၏ စွမ်းအင်ပြဿနာအားလုံးကို တစ်ခါတည်း ဖြေရှင်းပေးမည့်နည်းပညာဟု ဆိုနိုင်မည်မဟုတ်ပါ။ သို့သော် ကာဗွန်ထုတ်လွှတ်မှုနည်းသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အင်အားကြီးမားသည့် နောက်ထပ်ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်သည်။ အထူးသဖြင့်  ယနေ့ကမ္ဘာတွင် လျှပ်စစ် လိုအပ်ချက်သည် ဆက်လက်မြင့်တက်နေရာ စက်မှုလုပ်ငန်းများ၊ ဒေတာစင်တာများ၊ လျှပ်စစ်ကားများနှင့် အခြားလျှပ်စစ်သုံး စွဲမှုများတိုးလာသည်နှင့်အမျှ တည်ငြိမ်ပြီးပမာဏကြီးမားစွာ ထုတ်လုပ်နိုင်သည့် လျှပ်စစ်ရင်းမြစ်များ၏ အရေးပါမှုလည်း တိုးလာမည်ဖြစ်သည်။ ထိုအခြေအနေတွင် ဖျူရှင်က အမှန်တကယ် စီးပွားရေးအရ အောင်မြင်နိုင်ခဲ့ပါက စွမ်းအင် ကဏ္ဍအတွက် အရေးပါသည့် နည်းပညာအသစ်တစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ထိုနေ့မျိုး ဘယ်အချိန်ရောက်လာမလဲ မှန်းဆမရနိုင်သေးပါ။ ကံမကောင်းလျှင် သိပ္ပံစမ်းသပ်မှုတစ်ခုသက်သက်အဖြစ်လည်း တစ်ခန်းရပ်သွားနိုင်သည်။

ဖျူရှင်နည်းပညာတွင် ထူးခြားသည့်အချက်မှာ အီတာလိုမျိုး နိုင်ငံစုံသုတေသနလုပ်ငန်းကြီး ရှိနေခြင်းဖြစ်သည်။   ရှေ့က  ထုံးတမ်းစဉ်လာ ဖစ်ရှင်နည်းပညာတွင် နျူကလီးယားနည်းပညာ ပိုင်ဆိုင်နိုင်ဖို့ တစ်နိုင်ငံချင်းစီက သီးခြားလျှို့ဝှက် အားထုတ်ခဲ့ကြရပြီး စပိုင်ဇာတ်လမ်းများပင် ပေါ်ထွက်ခဲ့သည်။ ဖျူရှင်နည်းပညာတွင်တော့ ရေဂင်နှင့် ဂေါ်ဘာချော့တို့၏   ကျေးဇူးကြောင့်ဟုပြောရမလား၊ အဓိကအင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ နည်းပညာပိုင်းဆိုင်ရာ အပြန်အလှန်မျှဝေဖလှယ်ပြီး  တိုးတက်အောင် ကြိုးစားနေကြသည်။ ထို့ကြောင့် အနှေးနှင့်အမြန် သာကွာမည် ဖျူရှင်နည်းပညာသည် သုတေသနမှာ ပင်လမ်းဆုံးမည့် နည်းပညာမျိုးမဟုတ်ဘဲ စီးပွားဖြစ် လျှပ်စစ် ဓာတ်အားပေးစက်ရုံများ ပေါ်ထွက်လာမည်မှာ သေချာသလောက်ရှိသည်။ ထိုသို့ ထွက်ပေါ်လာသည့်အချိန်မှာ လူသားတို့၏ စွမ်းအင်သုံးစွဲမှု သမိုင်းကြောင်းကို  တစ်ဆစ်ချိုးပြောင်းလဲမည့် အချိန်ဖြစ်ဖို့လည်း သေချာပါသည်။

No comments

Powered by Blogger.