နီပေါနိုင်ငံ၌ ကျောင်းကားမတော်တဆမှုကြောင့် ငါးဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ
အောက်တိုဘာ ၉
နီပေါနိုင်ငံအလယ်ပိုင်း ပိုခါရာမြို့တွင် ယနေ့နံနက်က ကျောင်းကားမတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် ကျောင်းသားလေးဦးအပါအဝင် လူငါးဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လူ ၁၉ ဦး လိုက်ပါလာသည့် ထိုကျောင်းကားပေါ်တွင် အများစုမှာ ကျောင်းသားများဖြစ်ကြောင်းနှင့် ကျောင်းကားသည် အဝေးပြေးလမ်းမပေါ်မှ လမ်းချော်ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းမတော်တဆမှုကြောင့် လူငါးဦး သေဆုံးခဲ့ပြီး အခြားခရီးသည် ၁၄ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါကျောင်းကားပေါ်တွင် ဒေသခံပုဂ္ဂလိကကျောင်းတစ်ကျောင်းမှ ကျောင်းသားများ၊ ကျောင်းကား ဝန်ထမ်းများနှင့် ကျောင်းသားတစ်ဦး၏ဖခင်တို့ လိုက်ပါလာခဲ့ကြပြီး ယာဉ်မတော်တဆမှုအတွင်း အဆိုပါကျောင်းသား၏ ဖခင်လည်း သေဆုံးခဲ့သည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ကက်စကီခရိုင်ရဲတပ်ဖွဲ့ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဘီရန်ဒရာ ပါစ်ဝမ်၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments