၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်နိုင်ငံ စိတ်ဝင်စားနေ
၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်နိုင်ငံက စိတ်ဝင်စားနေကြောင်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ တောင်အာဖရိကနိုင်ငံက
၂၀၃၆ ခုနှစ်အိုလံပစ်အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ စိတ်ဝင်စားနေတယ်လို့ အပြည်ပြည်ဆိုင်ရာ
အိုလံပစ် ကော်မတီက အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အိုလံပစ်အားကစားပြိုင်ပွဲကို
ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်ကျင်းပခွင့် ရရှိဖို့မျှော်မှန်းထားတဲ့ နိုင်ငံတွေကတော့ ဟန်ဂေရီနိုင်ငံ၊
အိန္ဒိယနိုင်ငံ၊ ကာတာနိုင်ငံ၊ တူကီယဲနိုင်ငံတို့ဖြစ်ပြီး အရင်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးတဲ့
ဂျာမနီနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း
၂၀၃၆ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရေး မျှော်လင့်နေတာဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံဟာ
၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရပါက ကိတ်တောင်း၊
ဒါဘမ်၊ ဂျိုဟမ်နစ္စဘတ်စတဲ့ မြို့သုံးမြို့မှာ ကျင်းပသွားဖို့လည်း အပြည်ပြည်ဆိုင်ရာ
အိုလံပစ်ကော်မတီထံ အဆိုပြုထားတာဖြစ်ပါတယ်။
ဒါ့ပြင် ဟန်ဂေရီနိုင်ငံနဲ့
ကာတာနိုင်ငံတို့ကလည်း ၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို ဘူဒါပက်မြို့နဲ့ ဒိုဟာမြို့တို့မှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့
အသီးသီးအဆိုပြုထားတာ ဖြစ်ပါတယ်။
ကာတာနိုင်ငံဟာ ၂၀၂၂
ခုနှစ်က ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်အားကစားပြိုင်ပွဲကို
အိမ်ရှင် အဖြစ်လက်ခံကျင်းပဖို့အတွက် ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၈ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တို့မှာ အဆိုပြုခဲ့ပေမယ့် အောင်မြင်မှုမရရှိ ခဲ့တဲ့ တူကီယဲနိုင်ငံကတော့
၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို
အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံကတော့ ၁၉၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို
ဘာလင်မြို့နဲ့ ၁၉၇၂ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲကို မြူးနစ်မြို့တို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုတစ်ကြိမ် အိမ်ရှင်အဖြစ်
ကျင်းပခွင့်ရရှိရေး မျှော်လင့်နေတာဖြစ်ပါတယ်။
၂၀၂၈ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ၂၀၃၂ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကိုတော့
ဩစတြေးလျနိုင်ငံက အိမ်ရှင်အဖြစ်
လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအနေဖြင့်
၂၀၃၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲ အိမ်ရှင်အတွက် ပဏာမနိုင်ငံစာရင်းကို ၂၀၂၇ ခုနှစ်တွင်
ထုတ်ပြန်မှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ အိမ်ရှင်နိုင်ငံကို မဲပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။
ငွေကြယ်

No comments