တရုတ်နိုင်ငံက ၂၀၂၆ ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲသို့ အားကစားသမား ၆၆ ဦး စေလွှတ်
အောက်တိုဘာ ၂၀
တရုတ်နိုင်ငံသည် ၂၀၂၆ ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲအတွက် အားကစားသမား ၆၆ ဦးပါဝင်သော ကိုယ်စားပြုအသင်းကို ယနေ့တွင်ကြေညာခဲ့သည်။ ထိုအသင်းသည် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ဆီနီဂေါနိုင်ငံတွင် ကျင်းပမည့် အားကစားပြိုင်ပွဲ၌ အားကစား ၂၁ မျိုးမှ ပြိုင်ပွဲအမျိုးအစား ၄၉ မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
အဖွဲ့ဝင် ၁၂၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး အားကစားသမား ၅၀ ဦး ပါဝင်ပြီး ၎င်းတို့သည် ပြေးခုန်ပစ်၊ ရေကူးနှင့် စားပွဲတင်တင်းနစ် အပါအဝင် အားကစားနည်းများတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အားကစားပြိုင်ပွဲဖွင့်ပွဲကျင်းပရန် ယခုအချိန်မှစ၍ ၁၁ ရက်သာ လိုတော့ကြောင်း၊ မိမိတို့ကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် အကောင်းဆုံးစွမ်းဆောင်နိုင်ရန် စိတ်ပိုင်းဖြတ်ထားကြရမည်ဖြစ်ကြောင်းနှင့် အားကစားသမားအားလုံးအနေဖြင့် စိတ်တည်ငြိမ်မှုရှိစွာ အကောင်းမြင်စိတ်ထားဖြင့် ဆက်လက်ကြိုးစားပြီး ပြိုင်ပွဲတွင် မိမိတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ကြရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ၏ အသင်းခေါင်းဆောင်နှင့် တရုတ်နိုင်ငံအားကစားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ကျန်းကျားရှင်းက ပြောကြားခဲ့သည်။
နွေရာသီ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ၏ စတုတ္ထအကြိမ်မြောက်ဖြစ်သော Dakar 2026 ပြိုင်ပွဲ၌ အားကစားနည်း ၂၅ မျိုးတွင် ယှဉ်ပြိုင်ကစားမည့် အားကစားသမား ၂၇၀၀ ခန့် စုစည်းပေးမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို Dakar၊ Diamniadio နှင့် Saly တို့တွင် ကျင်းပမည်ဖြစ်ကာ အာဖရိကမြေပေါ်တွင် ကျင်းပသည့် ပထမဆုံး အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments