ကမ္ဘာ့သက်တမ်းအရင့်ဆုံး သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိ



တူကီယဲနိုင်ငံ ကမ်းလွန်ပင်လယ် ပြင်တွင် တွေ့ရှိခဲ့သည့် သင်္ဘောပျက် တစ်စင်းသည် ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိဖူးသမျှ သက်တမ်းအရင့်ဆုံး သင်္ဘောပျက်ဖြစ်နိုင်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ယူဆထားကြသည်။ အဆိုပါသင်္ဘောပျက်တွင် ပါဝင်သည့် အိုးခွက် စသည့်ကုန်ပစ္စည်း အထောက်အထားများအရ ဘီစီ ၂၇၀၀ မှ ၂၄၀၀ ကြား (လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ ခန့်)ကဖြစ်ကြောင်း ခန့်မှန်းထားသည်။

 

ထိုခန့်မှန်းချက်သာ မှန်ကန်ပါက လက်ရှိသက်တမ်းအရင့်ဆုံး သင်္ဘောပျက်တွေ့ရှိမှု စံချိန် တင်ထားသည့် ဂရိနိုင်ငံ ဒိုကော့စ်ကမ်းလွန်၌ တွေ့ရှိခဲ့သော နှစ်ပေါင်း ၄၂၂၀ သက်တမ်းရှိ သင်္ဘော ပျက်ထက်ပင် ပိုမိုရှေးကျနေသည်။ ထို့ပြင်ကြေးဝါခေတ် အစောပိုင်းကာလအတွင်း မြေထဲ ပင်လယ်ဒေသ၏ သမိုင်းဝင်ကုန်သွယ်ရေးနှင့် ဆက်ကြောင်းများကို အသစ်တစ်ဖန် ပြန်လည်ဆန်းစစ် စေနိုင်မည်ဖြစ်သည်။

 

တူကီယဲနိုင်ငံ အာခ်ဒဲနစ်တက္ကသိုလ်မှ ဒုတိယပါမောက္ခ ဟာကန် အွန်နဇ်သည် ၂၀၂၄ ခုနှစ်တွင် တူကီယဲနိုင်ငံ အန်တာလျာမြို့အနောက်ဘက် ကီကိုဗာကမ်းလွန် ရေတိမ်ပိုင်း၌ ဒေသခံ ရေလုပ်သားများ၏ သဲလွန်စပေးချက်အရ ဤသင်္ဘောပျက်ကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရေအောက် တိုက်စားမှုများကြောင့် သင်္ဘော၏ သစ်သားကိုယ်ထည်မှာ ပျက်စီးပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ကျောက်ဆောင်တောင်စောင်းများတွင် ကပ်ကျန်ရစ်ခဲ့သည့် အိုးခွက်များမှ တစ်ဆင့် သင်္ဘော၏သက်တမ်းကို ခန့်မှန်းနိုင်ခဲ့ကြသည်။

 

ကျောက်ခက်များ၊ ရေမှော်များ ကပ်ငြိနေသည့် အဆိုပါမြေထည်အိုးများကို ရေငုပ်သမားများက လပေါင်းများစွာ ကြိုးပမ်းထုတ်ယူခဲ့ကြသည်။ အိုးများ၏ ပုံသဏ္ဌာန်နှင့် ပြုလုပ်ပုံနည်းစနစ်များသည် သင်္ဘောနှင့်ပါလာသည့် ကုန်ပစ္စည်းများ၏ သက်တမ်းကိုသက်သေပြနေသည်။ ထို့အပြင် အိုးများ အတွင်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည့် ကုန်ပစ္စည်းအကြွင်းအကျန်များကိုလည်း တွေ့ရှိရသဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၄၅၀၀ ခန့်က မြေထဲပင်လယ်ကုန်သည်များ သယ်ယူပို့ဆောင်ခဲ့သည့် ပစ္စည်းများကို စုံစမ်းဖော်ထုတ်နိုင်မည့် အခွင့်အရေးရရှိလာခဲ့သည်။ အဆိုပါ ပါဝင်ပစ္စည်းများသည် အီဂျစ်ရှေးဟောင်း စာပေများတွင်ပါရှိသည့် သံလွင်ဆီ၊ ဝိုင် သို့မဟုတ် သစ်စက္ကူ/ သစ်စက္ကူဆီများ ဖြစ်နိုင်ကြောင်း ယူဆရသည်။

 

လက်ရှိတွင် သုတေသနအဖွဲ့သည် အသေးစိတ် ဓာတ်ခွဲဆန်းစစ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ပညာရှင်အချင်းချင်း စိစစ်သုံးသပ်သည့် စာတမ်းများကိုလည်း ထုတ်ဝေရန်ပြင်ဆင် နေကြသည်။ တူကီယဲတောင်ဘက် ကမ်းရိုးတန်းသည် ရှေးဟောင်းသင်္ဘော ပျက်များစွာ ကိန်းဝပ်ရာ နေရာတစ်ခုဖြစ်ရာ ဤတွေ့ရှိချက်သည် သမိုင်းမတင်မီခေတ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး သမိုင်းအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့သည်။

 

Ref:scitechdaily

No comments

Powered by Blogger.