ပုသိမ်-ဟင်္သာတ-ကြံခင်း မီးရထား ပုံမှန်ပြန်လည် ပြေးဆွဲမည်
ကြံခင်း အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားသည့်အတွက် ရေဖြတ်သန်းစီးဆင်းမှုကြောင့် ကျုံပျော်မြို့နယ် အတွင်းရှိ ရထားလမ်းပိုင်းအချို့ ရေကျော်မှုဖြစ်ပွားခဲ့သဖြင့် ပုသိမ်-ကြံခင်း (အစုန်၊ အဆန်) ရထားခရီးစဉ် ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားခဲ့ရာ အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီတွင် ကြံခင်းဘူတာမှ ကြံခင်း-ဟင်္သာတ-ပုသိမ် မြန်မာ့မီးရထား ပုံမှန်ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း ကြံခင်းမြို့နယ် မီးရထားရုံပိုင်ကြီးထံမှ သိရသည်။
အဆိုပါဖြစ်စဉ်များကြောင့် ကျုံပျော်မြို့နယ်အတွင်းရှိ ဇရပ်လှ ဘူတာနှင့် ဒိုက်ပျက်ဘူတာအကြား ရထားလမ်းပေါ်သို့ ရေကျော်လွန် စီးဆင်းမှုရှိခဲ့ပြီး ခရီးသွားပြည်သူများ၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ပုသိမ် - ကြံခင်း ပြေးဆွဲလျက်ရှိသော အစုန်/အဆန်ရထား ခရီးစဉ်များကို ဩဂုတ် ၃ ရက်၌ ယာယီဖျက်သိမ်း (ဆိုင်းငံ့)ထားရှိခဲ့ရာ ယခုအခါ ရထားလမ်းပိုင်းကို ပြန်လည်ပြုပြင်ပြီး ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၂)အစုန်နှင့် (၁၈၁)အဆန် အမြန်ရထား ကို ပုံမှန်ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments