ဂျပန်နိုင်ငံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွင် ဉာဏ်ရည်တုနည်းပညာဖြင့် စီမံခန့်ခွဲသည့်ဌာန ဖွဲ့စည်း
တိုကျို အောက်တိုဘာ ၁၃
ဂျပန်နိုင်ငံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း
NEC သည် လူသားဝန်ထမ်းများမပါဝင်ဘဲ
ဉာဏ်ရည်တုနည်းပညာ ဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်သည့် ဌာနတစ်ခုအား စတင်ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
ဉာဏ်ရည်တုနည်းပညာအနေဖြင့်
စီမံခန့်ခွဲရေးအပိုင်းတွင် မည်ကဲ့သို့အကူအညီ ပေးနိုင်သည်ကို လေ့လာရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါဌာနတွင် ဌာနအကြီးအကဲမှစတင်၍
ဝန်ထမ်းများအားလုံးသည် လူသားများမဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာ ဆိုင်ရာအေးဂျင့်များသာဖြစ်ပြီး
ရာထူးနေရာ ၃၉ ခုရှိကာ တာဝန်ထမ်းဆောင်ရသည့်လုပ်ငန်းကဏ္ဍများအလိုက် ၎င်းတို့အား နာမည်များပေးထားကြောင်း
သိရသည်။
အဆိုပါဉာဏ်ရည်တုနည်းပညာလုပ်သားများသည်
မှတ်တမ်းများကို ပြင်ဆင်ပေးခြင်းနှင့် သတင်းအချက်အလက်များ စုဆောင်းပေးခြင်းဖြင့် အဆုံးအဖြတ်ပေးသူများအား
အထောက်အကူပြုကြောင်း သိရသည်။ ၎င်းတို့၏ လုပ်ငန်းတာဝန်များတွင် ဘဏ္ဍာရေးအခြေအနေကို လေ့လာသုံးသပ်ရန်အတွက်
လစဉ်အရောင်းစာရင်းစစ်ဆေးခြင်းလုပ်ငန်းလည်း ပါဝင်သည်။
ဉာဏ်ရည်တုနည်းပညာဆိုင်ရာ
လုပ်သားများသည် နေ့စဉ်မနက်တိုင်း ပြိုင်ဘက်ကုမ္ပဏီများ၏ သတင်းကိုလည်း စစ်ဆေးကြည့်ရှုခြင်းအား
ဆောင်ရွက်ကြကြောင်း သိရသည်။ အဆိုပါဌာနအနေဖြင့် လုပ်ငန်းများ၏ တိုးတက်မှုကို စစ်ဆေးရန်နှင့် နောင်တွင်ကြုံတွေ့ရမည့်
စိန်ခေါ်မှုများကို သုံသပ်ရန် တစ်ပတ်လျှင်တစ်ကြိမ် အမှုဆောင်အစည်းအဝေး ပြုလုပ်ကြောင်း
သိရသည်။
အေအိုင်ဝန်ထမ်းတစ်ဦးက ကွန်ပျူတာအတွင်းသို့ ဂဏန်းတစ်ခုကို ထည့်သွင်းရာတွင် အမှားအယွင်းဖြစ်သည့်အခါ၌ ထိုသို့ထပ်မံမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်မည့်နည်းလမ်းများကို
ဆွေးနွေးရန် အေအိုင်ကြီးကြပ်သူတစ်ဦးက အဆိုပါဝန်ထမ်းအား တွေ့ဆုံမေးမြန်းမှုပြုလုပ်ကြောင်း
အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိမိတို့လုပ်ငန်းအတွင်း အေအိုင်ဝန်ထမ်းများ၏ အခန်းကဏ္ဍများကို ချဲ့ထွင်လိုပြီး ယခုနှစ်အတွင်း အေအိုင်အေးဂျင့် ရာနှင့်ချီ ရှိလာစေလိုကြောင်း NEC ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ

No comments