(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ ဆက်လက်ကျင်းပ

 



နေပြည်တော် အောက်တိုဘာ ၁၃


(၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပလျက်ရှိရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များဖြင့် စည်ကားလျက် ရှိသည်။


နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများ အလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။


ယနေ့နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ကျောက်ခင်းကွင်း နယ်မြေအလိုက် ကျောက်စိမ်း အတွဲများ ခင်းကျင်းပြသထားရှိမှု၊ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကျောက်စိမ်းအတွဲများ အတွက် ဈေးနှုန်းပေးသွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းနေမှုနှင့် တင်ဒါ အောင်မြင်သည့် ကျောက်စိမ်းအတွဲများ ထုတ်ပြန်ကြေညာနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။


ယနေ့ပြပွဲတွင် အုပ်စု(အေ)နှင့်(ဘီ)မှ ကျောက်စိမ်းအတွဲများ အနက် ကျောက်စိမ်းအတွဲ အမှတ် (၁)မှ(၅၅၀)အထိ အတွဲပေါင်း (၅၅၀)ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၄၇၄ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။


ပြပွဲသတ္တမနေ့တွင် ရောင်းချမည့် အုပ်စု(အေ)နှင့်(ဘီ)မှ ကျောက်စိမ်းအတွဲအမှတ် (၅၅၁) မှ(၁၁၀၀)အထိကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။ ထိုသို့တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူ များက ညနေ ၅ နာရီတွင် ပိတ်သိမ်း ပြီး တင်ဒါပုံးများကို ဖွင့်ဖောက် စစ်ဆေးကာ အောက်တိုဘာ ၁၄ ရက်တွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည်ဖြစ်သည်။


သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို အောင်မြင်အောင်ကျင်းပ၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် အကျိုးစီးပွား ဖြစ်ထွန်းစေရန် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ အဖိုးတန် ကျောက်မျက်သယံဇာတများကို ရေရှည်တည်တံ့စေရန်နှင့် မြန်မာ့ မြေအလှတရားကို ထာဝရရှင်သန်စေရန်အတွက် သယံဇာတစီမံ ခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။


 သတင်းစဉ်

No comments

Powered by Blogger.