တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၃
တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆရာဝန်များခန့်ထားပေးရေးနှင့် ဆေးဝါးများပံ့ပိုးပေးရေး၊ ဆေးရုံပြန်လည်ဖွင့်လှစ်ပေးရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားပေးရေး၊ ခွဲစိတ်ခန်း ဆောက်လုပ်ပေးရေးနှင့် ဆေးရုံပြုပြင်ပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၅ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ကလေးဝ မဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ ကလေးဝမြို့၊ (၂၅) ခုတင်ဆံ့ ဆေးရုံနှင့် (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်များ ခန့်ထားပေးရန်နှင့် ဆေးဝါးများပံ့ပိုးပေးရန် အစီအစဉ်ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ကလေးဝမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် အတူ သူနာပြုငါးဦး၊ အကူသူနာပြုနှစ်ဦးနှင့် အခြားဝန်ထမ်း ၁၀ ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး သွားဆရာဝန်ခန့်ထားနိုင်ရေး စိစစ်ဆောင်ရွက်နေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်/ပံ့ပိုးမှုဖြင့် ကလေးဝမြို့နယ်သို့ ဆေးအမယ်ပေါင်း ၁၇၄ မျိုး ဖြန့်ဖြူးပို့ဆောင်ပေးထားပြီး လိုအပ်သောဆေးဝါးများကိုလည်း ပုံမှန်ဆက်လက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကလေးဝမြို့နယ်၊ (၁၆) ခုတင်ဆံ့ မစိန်တိုက်နယ်ဆေးရုံသို့ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးအား ယာယီတာဝန်ချထားပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မတ္တရာမဲဆန္ဒနယ်မှ ဦးလှမြင့်၏ မတ္တရာမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ ငါးရုံအား ပြန်လည်ဖွင့်လှစ်ပေးနိုင်မည့် အစီအစဉ်ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်မှုကြောင့် ၂၀၂၁ ခုနှစ် မေလမှစတင်ကာ ၅ နှစ်ကျော် ပိတ်ထားခဲ့ရသော တိုက်နယ်ဆေးရုံ ငါးရုံရှိပါကြောင်း၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ငါးဦးကို အဆိုပါ တိုက်နယ်ဆေးရုံများသို့ အလှည့်ကျတာဝန်ချထားပြီး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ လိုက်ပါကူညီစောင့်ရှောက်မှုဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆေးရုံများ၏ ပျက်စီးဆုံးရှုံးမှုများကို နယ်မြေအခြေအနေပေါ်မူတည်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေခွင့်ပြုပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ ညှိနှိုင်းမှုဖြင့် ဆောလျင်စွာပြန်လည် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်၏ အောင်လံမြို့နယ်ရှိ ခုတင် (၁ဝဝ) ဆံ့ ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းများအမြန်ဆုံးခန့်ထားပေးရန်နှင့် ခွဲစိတ်ခန်းပြင်ဆင်ရေး ရန်ပုံငွေခွင့်ပြုပေးရန် အစီအစဉ်ရှိမရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက အောင်လံခရိုင် အောင်လံမြို့နယ် ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် သားဖွားမီးယပ် အထူးကုဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန်နှစ်ဦးတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လတ်တလောတွင် ပျမ်းမျှ အတွင်းလူနာ ၅၃ ဦးနှင့် ပြင်ပလူနာ ၄၅ ဦးတို့အား ဆေးကုသပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ဦးစားပေး အစီအစဉ် သတ်မှတ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအပေါ်မူတည်၍ လိုအပ်သော ဆရာဝန်များကိုစိစစ်ကာ ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း၊ ခွဲစိတ်ခန်း၏ လိုအပ်ချက်များကို ဆေးရုံကြီးကြပ်ကော်မတီ အစီအစဉ်ဖြင့် ပြင်ဆင်ပြီးစီးပြီဖြစ်၍ ခွဲစိတ်ခန်း ပြောင်းရွှေ့ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ဆက်လက်စိစစ်ဖြည့်ဆည်းပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကလော မဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်၏ ဟဲဟိုးမြို့တိုက်နယ်ဆေးရုံ၌ ခွဲစိတ်ခန်း ဆောက်လုပ်ပေးရန်နှင့် Type(c) Laboratory Set တစ်စုံထောက်ပံ့ပေးရန် အစီအစဉ်ရှိမရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ တိုက်နယ်ဆေးရုံအတွက် စံချိန်စံနှုန်းနှင့်အညီ ခွဲစိတ်ခန်းဆောင် အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေတွင် ကနဦးလျာထားဆောင်ရွက်ပေးထားပါကြောင်း၊ ကလောခရိုင် ပြည်သူ့ဆေးရုံကြီး၏ တင်ပြတောင်းခံလာမှုအရ ဟဲဟိုးတိုက်နယ်ဆေးရုံအတွက် Type C Laboratory Set တစ်စုံကို ၂၀၂၆ ခုနှစ် သြဂုတ်လတွင် ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာ ရွှေပြည်စိုး၏ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့ဆေးရုံကြီးကို အထွေထွေပြည်သူ့ဆေးရုံကြီးအသွင် ပြုပြင်ရန် မည်သို့ဖြည့်ဆည်းပေးထားကြောင်း သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်သည် လူဦးရေ ၂၅၄၃၆၄ ဦးရှိပြီး (၂၅) ခုတင်ဆံ့ မြို့နယ်ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်း ၂၆ ဦးက တစ်နေ့လျှင် ပျမ်းမျှ အတွင်းလူနာ ၁၁ ဦး၊ ပြင်ပလူနာ ၇၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လိုအပ်ပါက နီးစပ်ရာမြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးနိုင်သည့်အပြင် မြို့နယ်အတွင်း အမျိုးသားကင်ဆာရောဂါ ကုသရေးဗဟိုဌာန ရှိနေသောကြောင့် လက်ရှိတွင် ပြည်သူ့ဆေးရုံကြီးအဆင့်သို့ အဆင့်မြှင့်တင်ရန် မလိုအပ်သေးပါကြောင်း။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်တွင် စံကိုက်ဒေသန္တရကျန်းမာရေးဌာနခွဲနှစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲနှစ်ခုတို့ဖြင့် မြို့နယ်လူဦးရေအတွက် ဧရိယာနှင့် လူဦးရေလွှမ်းခြုံမှုအရ စနစ်တကျ ပြုစုကုသပေးလျက်ရှိပါကြောင်း၊ ဆေးဝါးထောက်ပံ့ရေးမူဝါဒ၊ သာမန်ဘတ်ဂျက်နှင့် ဆေးပဒေသာပင်ရန်ပုံငွေများဖြင့် လုံလောက်စွာ ထောက်ပံ့ပေးနေသည့်အပြင် အရေးပေါ်သီးသန့်ဆေးဝါးများလည်း သိုလှောင်ထားရှိပါကြောင်း။
ကုသရေးဝန်ထမ်းများအတွက် လေးခန်းတွဲ လေးထပ်အိမ်ရာတစ်လုံးနှင့် နှစ်ခန်းတွဲ နှစ်ထပ် အိမ်ရာတစ်လုံး ရှိပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်း ၂၂ ဦးအတွက် ခြောက်ခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာတစ်လုံးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လျာထားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး တင်သွင်းသည့် “နိုင်ငံသူနိုင်ငံသား မိဘပြည်သူ လူထုတစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာဝန်ပိနေမှုများကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ပလူနာဌာနကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ရောဂါကြီးများအား နိုင်ငံတကာအဆင့်မီ ကုသမှုခံယူနိုင်ရန်အတွက် ဒေသဇုန်ကြီးများအလိုက် အဆင့်မြင့် အထူးကုဆေးရုံကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန် တိုက်တွန်းသည့်အဆို” ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
နန်းယွန်းမဲဆန္ဒနယ်မှ ဦးယောအေးလှက ဒေသဇုန်ကြီးများ ဇုန်အလိုက်ဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်ကို ကျဉ်းမြောင်းစေနိုင်ပြီး၊ ဒေသတွင်း၌ပင် ယုံကြည်စိတ်ချစွာ ကုသမှုခံယူနိုင်မည်ဖြစ်ပါကြောင်း၊ အဆို ထိရောက်အောင်မြင်ပြီး ရေရှည်တည်တံ့စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် အကြံပြုလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်ကျန်းမာရေး အသုံးစရိတ်အပြင် သီးသန့်ရန်ပုံငွေတစ်ရပ်ကို ထူထောင်ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုအပ်သလိုချိတ်ဆက်၍ (PPP) စနစ်ဖြင့် ပူးပေါင်းဖော်ဆောင်ခြင်း၊ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ဆေးဘက်ကျွမ်းကျင်ပညာရှင်များကို ဒေသဇုန်ကြီးများအလိုက် မျှတအချိုးကျစွာ ခွဲဝေတာဝန်ချထားပေးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ် မူဝါဒတစ်ရပ်ကို စနစ်တကျရေးဆွဲချမှတ်ပြီး တစ်ဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အကြံပြုအပ်ပါကြောင်း၊ အဆိုသည် ပြည်သူများအတွက် မျှော်လင့်ချက် အရုဏ်ဦးကို ဆောင်ကြဉ်းပေးနိုင်မည့် ကျန်းမာရေးမဟာဗျူဟာမြောက်အဆိုတစ်ရပ် ဖြစ်သည့်အတွက် အစိုးရအနေဖြင့် ရေရှည်စီမံကိန်းချ၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
မိုးညို မဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်က အဆိုရှင်၏ ပြင်ပလူနာဌာနကြီးများ ထူထောင်ဖွင့်လှစ်ပေးရမည်ဆိုသည့်အချက်အပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ပြည်သူများက အနည်းဆုံး ဆရာဝန်စမ်းသပ်ခ၊ ဓာတ်ခွဲစမ်းသပ်ခနှင့် ဝန်ဆောင်စရိတ်များ ကျခံစရာမလိုဘဲ ဆေးဖိုးလောက်သာကျခံရမည်ဆိုလျှင် ကုန်ကျစရိတ်တစ်ဝက်လျော့သွားမည်ဖြစ်ပါကြောင်း၊ ယင်းမှာ ပြည်သူများအတွက် လက်တွေ့ထိရောက်သည့် အကျိုးခံစားခွင့်ပင်ဖြစ်ပါကြောင်း၊ ဒေသဇုန်များခွဲပြီး အချိန်မီကုသမှုခံယူနိုင်ရန်၊ စရိတ်စကလျော့ကျ ကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပေးရမည်ဆိုသည်မှာ ကောင်းမွန်သည့်ကိစ္စဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုတစ်ရပ်လုံးအတွက်လည်း လက်တွေ့အကျိုးခံစားရမည့်ကိစ္စဖြစ်သည့်အတွက် ထောက်ခံပါကြောင်းဆွေးနွေးသည်။
လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်းက ပြည်သူ့ဆေးရုံများ၏ အဆင့်အလိုက် လူနာလွှဲပြောင်းကုသခြင်းနှင့် ပြန်လည်လွှဲပြောင်းကုသခြင်းအစီအစဉ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက အထူးကုဆေးရုံကြီးများတွင် လူနာများစုပြုံစွာ စောင့်ဆိုင်းရန်မလိုဘဲ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများတွင် ကုသမှုပေးပြီး ပိုမိုထိရောက်နိုင်သဖြင့် အထူးကုဆေးရုံကြီးများတွင် ကုသရမည့် ရောဂါအဆင့်၊ ပြည်သူ့ဆေးရုံများတွင်ကုသရမည့် ရောဂါအဆင့် ခွဲခြားသတ်မှတ်လိုက်မည်ဆိုပါက လူနာများစောင့်ဆိုင်းရမည့်အချိန် လျော့နည်းသွားနိုင်သည်ကို အကြံပြုအပ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လုံခြုံကောင်းမွန်မှုသည် ကျန်းမာရေးစောင့်ရှောက်မှုပိုမိုကောင်းမွန်လာစေနိုင်ရန် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေ၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ပေးစေလိုကြောင်း အကြံပြုတင်ပြအပ်ပါကြောင်း၊ လက်ရှိကျင့်သုံးနေသော နိုင်ငံတော်အစိုးရမှ အလုံးစုံကျခံပေးသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်အစား ပိုမိုကောင်းမွန်သည့် ကျန်းမာရေးအာမခံစနစ် (သို့မဟုတ်) ခိုင်မာသော ပြည်သူလူထုပါဝင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အကြံပြုအပ်ပါကြောင်း ဆွေးနွေးသည်။
သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဟေသားကြီးက ဒေသကြီးများအလိုက် အဆင့်မြင့်အထူးကုဆေးရုံကြီးများ ထူထောင်ပေးရေးကို တင်ပြလိုပါကြောင်း၊ ဇုန်အလိုက် အဆင့်မြင့်ဆေးရုံကြီးများ တည်ဆောက်ပေးမည့်နေရာကို ရေတိုရေရှည်စီမံကိန်းချမှတ်ပြီး လူဦးရေထူထပ်မှု၊ ရောဂါဖြစ်တည်မှု၊ အမျိုးအစား အလိုက်နှင့် လမ်းပန်းဆက်သွယ်မှုအခြေအနေ၊ နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေ၊ ပညာရှင်များကို မွေးထုတ်ရမည့်အချိန်ကာလကို ထည့်သွင်းတွက်ချက်၍ မဖြစ်မနေလုပ်ဆောင်သင့်ပါကြောင်း၊ ရေတိုစီမံကိန်းဆိုသည်မှာ လက်ရှိဆေးရုံဆေးပေးခန်းများကို ဆရာဝန်ဆရာမများ၊ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ လစာများကို လုံလောက်စွာ ဖြည့်တင်းပေးခြင်းကို ဆိုလိုပါကြောင်း။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုများကို တိုးချဲ့တည်ဆောက်ပေးရာတွင် ပြည်သူတို့၏ အမှန်တကယ်လိုအပ်ချက်နှင့် အစိုးရ၏ဘဏ္ဍာရေး စွမ်းရည်မျှတစွာ စဉ်းစားပေးရန်ဖြစ်ပါကြောင်း၊ ပြည်သူများလိုလားသော အဆင့်မြင့်ဆေးရုံထူထောင်ပေးမှုကို ရေရှည်စီမံကိန်းလမ်းပြမြေပုံ ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ပါက ပြည်သူ၊ အစိုးရ၊ နိုင်ငံတော် သုံးဦးသုံးဖလှယ် အကျိုးရှိသည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
အလားတူ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၊ တနင်္သာရီမဲဆန္ဒနယ်မှ ဦးအောင်ဆန်းလွင်၊ ပူတာအိုမဲဆန္ဒနယ်မှ ဦးရားနီ၊ ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၊ လောင်းလုံးမဲဆန္ဒနယ်မှ ဦးတင့်လွင်၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးခင်မောင်ထွန်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်အေးအေးမြင့်နှင့် ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်တို့က အကြံပြုထောက်ခံဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းအစီအစဉ်ကို ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၆ ရက် မြောက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးပို့ထားသော “ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ” ကို အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာသည့်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့

No comments