ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၂၅/၄-၂၆/၁) ကြားတွင် တောင်ပြိုလမ်းပိတ်နေရာကို လူအင်အား၊ စက်အင်အားဖြင့် ရှင်းလင်းဆောင်ရွက်ရာ ယာဉ်များဖြတ်သန်းသွားလာနိုင်
ဖလမ်း အောက်တိုဘာ ၁
ကလေး-ဖလမ်း-ဟားခါးလမ်း မိုင်တိုင် (၂၅/၄-၂၆/၁) ကြားတွင် ယနေ့နံနက် ၇ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြို၍ လမ်းပိတ်ဆို့နေသည့်နေရာကို လမ်းကြောင်းအမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရေးနှင့် အများပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးအတွက် လမ်းအထူးအဖွဲ့ (၁၀) က လုံလောက်သောလူအင်အားနှင့် စက်အင်အားများဖြင့် ရှင်းလင်းဆောင်ရွက်ရာ ယနေ့ညနေပိုင်းတွင် ယာဉ်များ ဖြတ်သန်းသွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လမ်းအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကားလမ်းတစ်လျှောက် မိုးရွာသွန်းမှုကြောင့် လမ်းသားပဲ့ကျနေမှုများနှင့် မြေစာပြိုကျနေမှုများကို တာဝန်ရှိသူများက လူအား၊ စက်ယာဉ်ယန္တရားများဖြင့် ပြုပြင်၊ ဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးရာ ချင်းပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသန်းဇော်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးသန်းထူးအောင်က ဖြည့်စွက်တင်ပြရာ ဒုတိယဝန်ကြီးက လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော လူအင်အားနှင့်စက်အင်အားများ အသင့်ဆောင်ရွက်ထားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments