ပူတာအိုမြို့နယ်အတွင်းရှိ မိုးစပါးလယ်များအတွင်း လယ်သီးထပ်ဆီထွက်သီးနှံ ဆီမုန်ညင်း စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး မျိုးစေ့များ ထောက်ပံ့

 


ပူတာအို အောက်တိုဘာ ၁


မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေး ဆန်ဂေါင်ကျေးရွာ အတွက် ဆီမုန်ညင်းတင်း ၅၀ နှင့် စိုက်ပျိုးမည့် လယ်ဧက ၁၅၀ အတွက် ခြံစည်းရိုးကာရံနိုင်ရေး ငွေကျပ်သိန်း ၅၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့နယ် ဆန်ဂေါင်ကျေးရွာသို့ သွားရောက်၍ အထက်ဆန်ဂေါင်ကျေးရွာ အတွင်း ပါတိတ်ချောင်းပေါ်တွင် ကျေးရွာ ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသော ပါတိတ်ချောင်းကူးကြိုးတံတား တည်ဆောက် ပြီးစီးမှု အခြေအနေနှင့် ခိုင်ခံ့မှုတို့ကို ဖြတ်သန်း စစ်ဆေးကြပြီး တံတားတစ်ဖက်ကမ်းတွင် မိုးစပါးစိုက်လယ် ၁၀၅ ဧကအပြင် တစ်ဆက် တစ်စပ်တည်းရှိသည့် ဧက ၂၀ ပါ ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်ပျိုးမည့် လယ် အားလုံးခြံစည်းရိုးကာရံပေးနိုင်ရေးနှင့် ပါတိတ် ချောင်းရေစီးဆင်းမှုအပေါ် ကမ်းပါးတိုက်စားမှု မဖြစ်ပေါ်စေရေး ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆွေးနွေးကာ တောင်သူများ၏ လိုလား ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် အောက်ဆန်ဂေါင်ကျေးရွာရှိ ကျေးရွာခန်းမ၌ ကျေးရွာအတွင်းရှိ ဒေသခံ တောင်သူများ၊ ကျေးရွာသူ ရွာသားများနှင့် တွေ့ဆုံပြီး ယခုနှစ်တွင် ဆီမုန်ညင်း ၇၅၅၃ ဧက စိုက်ပျိုးရန် လျာထားကာ ဆီမုန်ညင်းမျိုးစေ့တင်း ၅၀၀ အခမဲ့ဖြန့်ဖြူးထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အားလုံးက တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် အဆိုပါ ခန်းမဘေးရှိ ပါတိတ်ချောင်း ရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်ထားသည့် ကျောက်လုံးစီအိတ်ချ ထားခြင်းနှင့် ဆက်လက်တိုက်စားမှုမဖြစ်ပေါ် စေရေးအတွက် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သည်။


ထိုမှတစ်ဆင့် မာမူးလဲ့ကျေးရွာသို့ ရောက်ရှိ ပြီး ဒေသခံတောင်သူများနှင့်အတူ မာမူးလဲ့ရွာမ ကွင်းနှင့် မကျော့ဝါကွင်း စုစုပေါင်း ဧက ၁၆၃ ဧကအတွင်းရှိ မိုးစပါးစိုက်လယ်များအတွင်း မိုးစပါးရိတ်သိမ်းပြီးစီးပါက လယ်သီးထပ်ဆီမုန်ညင်းစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.