ဒုတိယသမ္မတ ဦးညိုစော ကရင်ပြည်နယ် ဘားအံမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် အောက်တိုဘာ ၁၈


ဒုတိယသမ္မတ ဦးညိုစောသည် ခရီးစဉ်တွင်လိုက်ပါလာသော အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကရင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာများနှင့်လည်းကောင်း၊ ညနေပိုင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ မွန်ပြည် နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လည်းကောင်း တွေ့ဆုံ အမှာစကားပြောကြားသည်။


တွေ့ဆုံပွဲများတွင် ဒုတိယသမ္မတက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့သည် ဒေသတစ်ခုနှင့် တစ်ခု ဆက်စပ်လျက်ရှိပြီး ရာသီဥတုနှင့် ရေမြေသဘာဝတူညီသည့်အတွက် ဒေသနှင့်ကိုက်ညီသည့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ဆီအုန်းနှင့် ရာဘာအပြင် ဒူးရင်းကို အောင်မြင် အောင်တိုးချဲ့စိုက်ပျိုးရန်၊ အထွက်နှုန်းလျော့နည်းကျဆင်းသည့် သက်တမ်းရင့်စိုက်ခင်းများကို မျိုးကောင်း မျိုးသန့်များဖြင့် အစားထိုးပြန်လည်စိုက်ပျိုးရန်နှင့် ကော်ဖီနှင့် ကိုကိုးကိုသီးညှပ်စိုက်ပျိုးရန်နှင့် တိရစ္ဆာန် အစားအစာဖြစ်သည့်အစေ့ထုတ်ပြောင်းကို ဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များကို တန်းဖိုးမြင့် ထွက်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ နိုင်ငံတော်အကြီး အကဲက ချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးမူဝါဒများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ပြည်နယ်အလိုက် ကဏ္ဍစုံတွင်ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လို အပ်မှုအခြေအနေများ၊ မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်သွယ်မှုနှင့် အွန်လိုင်းလောင်း ကစားလိမ်လည် မှုများ လျော့နည်းကျဆင်းပြီး ကင်းစင်သွားသည့်အထိ ပြည်နယ်အစိုး ရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ ကုန်စည်စီးဆင်းမှု လုံခြုံရေးနှင့် မြန်ဆန်ချောမွေ့ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ၊ ပြည်နယ် အတွင်း ဆန်နှင့် ဆီဖူလုံမှုရှိရေးအခြေအနေများ၊ KG+9 ပညာရေးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံတက်ရောက်ရေးနှင့် တန်းစဉ်ကူး ပြောင်းမှုမြင့်မားရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေ အနေများ၊ ဌာနအလိုက် e-government လုက်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင် ရွက်ရေးနှင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် သက်ရောက်လာနိုင်သည့် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာလုပ် ငန်းကဏ္ဍအလိုက် အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တို့က ပြည်နယ်ဆိုင်ရာအချက်အလက်များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီမံများကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ရုံးအသီးသီးရှိ တွေ့ဆုံပွဲများတွင် ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဒေသ ဖွံ့ဖြိုးမှု၊ ဓာတ်မြေဩဇာဖြန့်ဖြူးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ MSME ကိစ္စရပ်များကို ရှင်းလင်း တင်ပြ ကြပြီး ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 


ဒုတိယသမ္မတသည် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့သို့ရောက်ရှိပြီး စက်မှုဇုန်အတွင်းရှိ ပရီစီရှင်း အော်တို အင်ဂျင်နီယာရင်း ကုမ္ပဏီလီမိတက်၏ သုံးဘီးယာဉ်များတပ်ဆင်ထုတ်လုပ်နေမှုနှင့် အဲရိုး အော်တို အင်ဂျင်နီယာရင်း ကုမ္ပဏီလီမိတက်၏ လျှပ်စစ်မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးစက်ရုံ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်စက်ဘီးများတပ်ဆင်ထုတ်လုပ်နေမှု၊ အရည်အသွေးစမ်းသတ် တိုင်းတာနေမှုတို့ကိုလည်းကောင်း၊ ရှိုင်းထူး လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးစက်ရုံ၏ ခေတ်မီ လယ်ယာသုံးစက်များ ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ ကရင်ပြည်နယ်လူငယ်စင်တာ၌ လူငယ်များ စာပေ၊ ဂီတ၊ အက၊ ပန်းချီ၊ ကွန်ပျူတာနှင့် အားကစားပညာရပ်များ လေ့ကျင့်သင်ယူ နေမှု အခြေအနေကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။


ညနေပိုင်းတွင် ဒုတိယသမ္မတသည် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၏ အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)

No comments

Powered by Blogger.