ဂျပန် မီးရထားလုပ်ငန်းများ၌ လုပ်သားရှားပါးမှုကို ဖြေရှင်းရန် စစ်ဆေးရေးစက်ရုပ်များ အသုံးပြုလာ



တိုကျို အောက်တိုဘာ ၂၅

 

ဂျပန်နိုင်ငံရှိ မီးရထားလုပ်ငန်းများက လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်နှင့် စက်ပစ္စည်း စစ်ဆေးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန် ဝေးလံခေါင်သီသော နေရာများ၌ စစ်ဆေးမှုများ ပြုလုပ်ရန် စက်ရုပ်နည်းပညာများကို အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

Seibu Railway ကုမ္ပဏီသည် ဉာဏ်ရည်တုနည်းပညာတပ်ဆင်ထားသည့် အလိုအလျောက် စစ်ဆေးရေး စက်ရုပ်တစ်ရုပ်ကို အောက်တိုဘာလတွင် စတင်မိတ်ဆက်ခဲ့သည်။

 

အဆိုပါစက်ရုပ်တွင် အမြင့် ၁ ဒသမ ၈ မီတာအထိ ဆန့်ထွက်နိုင်သော တိုင်တစ်ခုတပ်ဆင်ထားပြီး ယင်းတိုင်ပေါ်ရှိ ကင်မရာနှင့် အပူချိန်တိုင်းကိရိယာတို့ကို အသုံးပြုကာ စက်ပစ္စည်းများကို စစ်ဆေးနိုင်သည်။ ထို့ပြင် ဗို့အား၊ လျှပ်စီးကြောင်းနှင့် အပူချိန်တို့ကို တိုင်းတာစောင့်ကြည့်နေ သည့် ကိရိယာများတွင် ချို့ယွင်းချက် တစ်စုံတစ်ရာတွေ့ရှိပါက သက်ဆိုင်ရာဝန်ထမ်းများထံ သတိပေးချက် ပေးပို့နိုင်သည်။

 

အလားတူ Tokyu Railways ကုမ္ပဏီက ယမန်နှစ် ဧပြီလတွင် လျှပ်စစ်ဓာတ်အားခွဲရုံများ၌ အသုံးပြုရန် ခြေလေးချောင်းပါ စစ်ဆေးရေး စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

 

ယင်းစက်ရုပ်သည် လှေကားများအပေါ်သို့ တက်နိုင်သကဲ့သို့ အောက်သို့လည်း ဆင်းနိုင်ပြီး တိုင်းတာရေး ကိရိယာများနှင့် လျှပ်စစ်ဝိုင်ယာကြိုးများကို ဓာတ်ပုံရိုက်ယူကာ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးပို့နိုင်သည်။

 

Tokyu Railways မှ တာဝန်ရှိသူ အဒါချီ ရယိုဂျီက စက်ရုပ်များကို အခြားနည်းပညာများနှင့် ပေါင်းစပ် အသုံးပြုခြင်းဖြင့် စစ်ဆေးရေးနှင့် အတည်ပြုစစ်ဆေးရေးလုပ်ငန်းများ၏ ထိရောက်မှုနှင့် တိကျမှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် အဆိုပါစနစ်ကို ရထားတွဲများ စစ်ဆေးရေးလုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းနယ်ပယ်များ တွင်ပါ တိုးချဲ့အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

 

ဂျပန်နိုင်ငံတွင် လုပ်သားအင်အား ရှားပါးလာမှုနှင့်အတူ စက်ရုပ်နှင့် ဉာဏ်ရည်တုနည်းပညာများကို အသုံးပြုခြင်းသည် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု မြှင့်တင်ရေး၊ လူအင်အားလိုအပ်ချက် လျှော့ချရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတိကျမြန်ဆန်စေရေးတို့အတွက် အရေး ပါလာလျက်ရှိသည်။

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.