ဂျပန်နိုင်ငံ၌ ဒီဂျစ်တယ်ဖတ်စာအုပ် ထုတ်ဝေမည်



တိုကျို အောက်တိုဘာ ၂၅

 

ဂျပန်နိုင်ငံ ပညာရေးဝန်ကြီး ဌာနသည် ပညာသင်ကြားရာတွင် ဒီဂျစ်တယ်ဖတ်စာအုပ်များ အသုံး ပြုရန် စည်းမျဉ်းမူကြမ်းများ ရေးဆွဲနေကြောင်း သိရသည်။

 

ကျောင်းများတွင် ၂၀၃၀ ပြည့် နှစ်မှ စတင်၍ အဆိုပါဒီဂျစ်တယ် ဖတ်စာအုပ်များကို တရားဝင် အသုံးပြုမည်ဖြစ်သည်။ စာအုပ် အမျိုးအစားတွင် စာရွက်သာ အသုံးပြုသည့်စာအုပ်၊ ဒီဂျစ်တယ် စနစ်ဖြင့် ထုတ်ဝေသည့်စာအုပ်နှင့် နှစ်မျိုးပေါင်းစပ်စာအုပ်များရှိသည့်အနက် မည်သည့်ပုံစံဖြင့် ထုတ်လုပ်မည်ကို ပညာရေးဘုတ်အဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရွေးချယ်နေကြောင်း သိရသည်။ မူလတန်းကြိုအဆင့်မှ အထက်တန်း ကျောင်းသားများအထိ အဆင့်အတွက် စာရွက်နှင့် ဒီဂျစ်တယ်နှစ်မျိုးပေါင်းစပ်စနစ်ဖြင့် ဒီဂျစ်တယ်ဖတ်စာအုပ်ကို ထုတ်လုပ်သင့်ကြောင်း ပညာရေး ဝန်ကြီးဌာနက စည်းမျဉ်းမူကြမ်းတွင် အကြံပြုထားသည်။

 

လေးတန်းနှင့် အောက်အဆင့်ရှိ ကျောင်းသားများအတွက် ဒီဂျစ်တယ်သီးသန့်ဖတ်စာအုပ် သုံးစွဲရန် မသင့်တော်ကြောင်းနှင့် ၎င်းတို့၏ သင်ယူနိုင်မှုစွမ်းအားမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ရုပ်သံဖိုင်များရှိ ရုပ်ပုံများနှင့် အသံဖိုင်များအသုံးပြု၍ သင်ကြားခြင်းဖြင့် ပညာသင်ကြားရေး နည်းလမ်းများကို မြှင့်တင်နိုင်သော်လည်း ကလေးများ၏ သင်ယူနိုင်မှု အဆင့်အတန်းနှင့် အခြေခံ စာဖတ်စွမ်းရည်ကို မြှင့်တင်ရန်အတွက် စာရွက်ပုံစံနှင့် ဒီဂျစ်တယ်ပုံစံ ဖတ်စာအုပ်များကို ခွဲခြားသုံးစွဲ သင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

 

လက်ရှိအချိန်တွင် ဖင်လန်နိုင်ငံရှိ ဒီဂျစ်တယ်ပညာရေးစနစ် စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည့် ဒေသအချို့သည် ပုံနှိပ်စာအုပ်စနစ်ကိုသာ ပြန်လည်ဆောင်ရွက်နေပြီး စင်ကာပူနိုင်ငံ တွင်လည်း အလယ်တန်း ကျောင်းသားအဆင့်ကိုသာ ဒီဂျစ်တယ်ဖတ်စာအုပ်ကို သုံးစွဲစေ ကြောင်းနှင့် မူလတန်ကျောင်းများတွင် ကလေးများ၏ ဖွံ့ဖြိုးမှုအပေါ်တွင် ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် သုံးစွဲခြင်းကို တားမြစ်ထားကာ တောင်ကိုရီးယားနိုင်ငံတွင်လည်း နည်းပညာဆိုင်ရာ ချို့ယွင်းချက်များ ရှိခြင်းကြောင့် သင်ယူမှုအထောက်အကူပေးသည့် ကိရိယာအဖြစ်သာ သတ်မှတ်ထားကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.