ဘားအံမြို့နယ် သံဝေဇနိယဗုဒ္ဓဂယာခရီးစဉ်ဒေသတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး
ဘားအံ အောက်တိုဘာ
၁၁
စွန့်ပစ်ပစ္စည်းများ
စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး လူထုလှုပ်ရှားမှုကို
ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသ ၂၂ ခုတွင် ပါဝင်သည့် ဘားအံမြို့နယ်
ခလောက်ထောင်ကျေးရွာအနီးရှိ သံဝေဇနိယဗုဒ္ဓဂယာခရီးစဉ် ဒေသ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗုဒ္ဓဂယာ ချစ်သူများ၊ ခလောက်ထောင်ကျေးရွာနှင့်
ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍
ဗုဒ္ဓဂယာခရီးစဉ် ဒေသ ပရိဝုဏ်အတွင်းရှိ စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်များ
ဖယ်ရှားခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အဆိုပါ
အသိပညာပေးလူထုလှုပ်ရှားမှုကို ကရင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ
ကြီးကြပ်မှု ကော်မတီ၊ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊
ဗုဒ္ဓဂယာချစ်သူများနှင့် Clean Hpaan တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်၏ ခရီးစဉ်ဒေသများသည် နေ့စဉ်
ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာလျက်ရှိသည်နှင့်အညီ စွန့်ပစ်ပလတ်စတစ်နှင့်
အမှိုက်များ ကြောင့် ခရီးစဉ်ဒေသ၏ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန်၊
ခရီးစဉ်ဒေသများ ရေရှည် တည်တံ့ပြီး ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ
ထိခိုက်မှုမရှိစေရန်၊ မြေယာထိန်းသိမ်းမှုလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်သည်။
ထိုသို့
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကရင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး
ဦးစယဉ်ဌေးနှင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစောခေါင်ပန်ထော့တို့က
သွားရောက်ကြည့်ရှုအားပေးကြသည်။
ကရင်ပြည်နယ်၏
ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေး၊ ပြည်သူပူးပေါင်းပါဝင်သော ခရီးစဉ်ဒေသများ
ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ခရီးစဉ်ဒေသချစ်သူများက ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်
ပူးပေါင်း၍ အစိုးရရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် အခါအား လျော်စွာ
အသိပညာပေးလူထုလှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments