ကယ်လီဖိုးနီးယားတွင်အပူလှိုင်းကြောင့် အပူချိန်စံချိန်ဟောင်းများကျော်လွန်ကာ တောမီးနှင့် မီးခိုးအန္တရာယ်များ ပိုမိုမြင့်တက်



အောက်တိုဘာ ၆

ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း အပူလှိုင်းသည် သီတင်းပတ်ကုန်အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေရာအများအပြားတွင် နေ့စဉ်အပူချိန်စံချိန်များ ကျိုးပျက်ခဲ့ပြီး အလွန်ပူပြင်းပြီး ခြောက်သွေ့သော ရာသီဥတုအပြင် တောမီးမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် ပြည်နယ်၏ အချို့ဒေသများတွင် ကျန်းမာရေးအန္တရာယ်နှင့် တောမီးအန္တရာယ်များပိုမိုမြင့်တက်လာခဲ့သည်ဟု အမေရိကန် အမျိုးသား မိုးလေဝသဌာနနှင့် ပြည်နယ်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

အမေရိကန် အမျိုးသား မိုးလေဝသဌာန (NWS) ၏ ထုတ်ပြန်ချက်အရ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် အပူလှိုင်းကြောင့် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် Orange၊ San Diego နှင့် Riverside ခရိုင်များ၌ နေ့စဉ်အပူချိန် အမြင့်ဆုံးစံချိန်ဟောင်း ရှစ်ခု စံချိန်တင် ချိုးဖျက်နိုင်ခဲ့ပြီး စံချိန်ဟောင်း တစ်ခုနှင့် ထပ်တူညီခဲ့သည်ဟု သိရသည်။

 ထိုအစီရင်ခံစာအရ Orange ဒေသရှိ Santa Ana တွင် အပူချိန် ၄၁ ဒသမ ၇ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာ ၃ ရက်က သတ်မှတ်ခဲ့သည့် ယခင်အပူချိန်စံချိန်ထက် ၂ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုမြင့်မားခဲ့သည့်အပြင် San Diego County ရှိ Vista တွင်လည်း အပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

 San Diego International Airport တွင် အပူချိန် ၄၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး နေ့စဉ်အပူချိန်စံချိန်ကို ချိုးဖျက်ခဲ့သည်။ NWS ၏ ရာသီဥတုအစီရင်ခံစာအရ ပုံမှန်အပူချိန်ထက် ၁၆ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုပူပြင်းခဲ့ကြောင်း ဖော်ပြထားသည်။

မြောက်ဘက်ပိုင်းဒေသများတွင်လည်း အပူချိန်စံချိန်များ ကျိုးပျက်ခဲ့သည်။ NWS ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသရုံး၏ ပြောကြားချက်အရ Napa လေဆိပ်တွင် အပူချိန် ၃၅ ဒသမ ၆ ဒီဂရီစင်တီဂရိတ် အထိ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ ယခင်သတ်မှတ်ထားသည့် ၃၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ် စံချိန်ကို ကျော်လွန်ကာ မြောက်ပိုင်း Nevada ပြည်နယ်ရှိ Winnemucca Airport တွင် အပူချိန် ၃၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

NWS Los Angeles/Oxnard ရုံးက ယခုဖြစ်ပွားနေသည့် အပူလှိုင်းကို အလွန်ပြင်းထန်ပြီး ရက်ရှည်ကြာမြင့်မည့် အပူလှိုင်းကြီးအဖြစ် ဖော်ပြခဲ့သည်။  ပုံမှန်ထက် အလွန်မြင့်မားသော အပူချိန်များသည် လာမည့်သီတင်းပတ်အတွင်း ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။

 ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းရှိ လူဦးရေ ၃၄ သန်းကျော်သည် အပူချိန်မြင့်မားမှုဆိုင်ရာ သတိပေးချက်များ သို့မဟုတ် အကြံပြုချက်များကိုအထူးဂရုပြုလိုက်နာသင့်သည်ဟု ဖော်ပြထားသည်။

San Diego နှင့် Los Angeles နှင့် Ventura ဒေသများ၏ ကမ်းရိုးတန်းများနှင့် ချိုင့်ဝှမ်းများ အပါအဝင် တောင်ပိုင်းကယ်လီဖိုးနီးယား၏အစိတ်အပိုင်းအချို့တွင် အပူချိန်လွန်ကဲမှု သတိပေးချက်များသည် အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်းအထိ အကျုံးဝင်နေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.