ရေလှောင်တမံ ရေပိုလွှဲများနှင့် ရေအားအဆောက်အအုံများအား စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား
နေပြည်တော်
အောက်တိုဘာ ၂၅
ရေလှောင်တမံ ရေပိုလွှဲများနှင့်
ရေအားအဆောက်အအုံများအား စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ
အမြဲမပြတ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့ရှိ ဇလက်ထော် ရေလှောင် တမံ ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့်
ရေသိုလှောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန် ရှိသူများအား
မှာကြားသည်။
ထို့ပြင်
တမံကြံ့ခိုင်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့် စစ်ဆေးနိုင်ရန်အတွက် တမံတည်ဆောက်စဉ်က
ထည့်သွင်းထားရှိသည့် ရေစစ်သဲလွှာနှင့် ရေစစ်ကျောက်ရိုးအထွက် တပ်ဆင် ထားသည့် V-notch အား အမြဲမပြတ် စစ်ဆေးတိုင်းတာ၍ ရရှိလာသည့် အချက်အလက်များကို
စိစစ် ဆောင်ရွက်ကြရန်၊ ထူးခြားချက် တစ်စုံတစ်ရာတွေ့ရှိပါက ချက်ချင်းဆောင်ရွက်ရန်
မှာကြားသည်။
ထို့အတူ
ပဲခူးမြို့ရှိ အလိုင်နီ ရေလှောင်တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့်
ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အသေးစိတ်ဆွေးနွေးမှာကြားသည်။
အလိုင်နီ
ရေလှောင်တမံကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံသို့
ဆက်သွယ်ရေးမြောင်းဖြင့် ရေကူဖြည့်ပေးခြင်း၊ လှည်းကူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့နယ်စပ်ရှိ လဂွမ်းပြင် ချောင်းဘေး ဝဲ/ယာရှိ ရေကြီးရေနက်ကွင်း ဧရိယာ ၉၀၀၀
ခန့်အား ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ပေးခြင်း၊ မိုးစပါးစိုက် ဧက ၂၂၀၀၀ ခန့်ကို
ရေတော် မိုးတော်စပါးအဖြစ် တိုးတက် စိုက်ပျိုးနိုင်ခြင်းနှင့် နွေစပါးနှင့်
အခြားသီးနှံဧက ၁၀၀၀၀ ခန့်အား လုံလောက်စွာ ရေပေးဝေနိုင်ရန် ရည်ရွယ်
တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတစ်ဆင့်
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လဂွမ်းပြင် ရေလှောင်တမံနှင့် ဆက်စပ်
ရေအား အဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ယခုနှစ်
အယ်လ်နီညိုဖြစ်စဉ်ကြောင့် နွေစပါးစိုက်ပျိုးရာသီကာလ စိုက်ပျိုးရေနှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၏ လဂွမ်းပြင်ရေသန့်စက်ရုံသို့ သောက်သုံးရေလုံလောက်စွာ
ပေးဝေနိုင်စေရန်အတွက် လဂွမ်းပြင် ရေလှောင်တမံအတွင်း သိုလှောင်ရေအား နှစ်စဉ်စုဆောင်းသည့်
ကန်ရေပြည့် ပမာဏ ၁၄၈၈၀၀ ဧကပေထက် ၇၆၅၀ ဧကပေ ပိုမိုသိုလှောင်ထားရှိရန် ရေပိုလွှဲတွင်
သဲအိတ်များ နှစ်ပေခန့် ဆင့်ပိတ်ခြင်း စီမံဆောင်ရွက်ထားသောကြောင့် အောက်တိုဘာ ၂၃
ရက်တွင် တမံအတွင်း ၁၅၂၈၅၀ ဧကပေသိုလှောင်ပြီးဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင်
လဂွမ်းပြင် ဆည်ရေသောက် ဧရိယာအတွင်းရှိ နွေစပါး လျာထားဧက ၄၈၅၂ ဧကနှင့် အခြားသီးနှံ
၅၂၆ ဧက စုစုပေါင်း ၅၃၇၈ ဧကတို့ကို စိုက်ပျိုးရေပေးဝေနိုင်ရန်
စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်

No comments