တရုတ်-ဘယ်လာရုစ် ခရီးသွားလုပ်ငန်းဖိုရမ် ကျင်းပ



မင့်စ် အောက်တိုဘာ ၂၅

 

တရုတ်-ဘယ်လာရုစ် ခရီးသွားလုပ်ငန်းဖိုရမ်အား ဘယ်လာရုစ်နိုင်ငံ ဘရတ်စ်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

တရုတ်နှင့်ဘယ်လာရုစ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ် ၁၅၀ ကျော်တက်ရောက်သည့် အဆိုပါအခမ်းအနားသည် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့ကြောင်းနှင့် အခမ်းအနားတွင် ဆွေးနွေးပွဲများ၊ စီးပွားရေး လုပ်ငန်းများ အချင်းချင်းညှိနှိုင်းမှုများနှင့် ခရီးသွားနှင့်ယဉ်ကျေးမှုဆိုင်ရာ အလည်အပတ်ခရီးများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ခရီးသွားလုပ်ငန်းသည် နှစ်နိုင်ငံလုံးမှ နိုင်ငံသားများအား အချင်းချင်းနားလည်မှုကို မြှင့်တင်နိုင်ကာ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ပြီး မိတ်ဆွေဖြစ်မှုကို ခိုင်မာစေခဲ့ကြောင်း တရုတ်-ဘယ်လာရုစ် ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ရည်ညွှန်းလျက် တရုတ်နိုင်ငံ ဆိုင်ရာ ဘယ်လာရုစ် သံအမတ်ကြီး အလက်ဇန္ဒား ချက်ယာကော့က ပြောကြားသည်။ ယခု ကျင်းပသည့် ဖိုရမ်သည် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အရေးပါသည့် အခွင့်အလမ်း တစ်ရပ်ဖြစ်ကာ ပါဝင်တက်ရောက်လာသူများ ဝေမျှလာသည့် တန်ဖိုးရှိသည့် အတွေ့အကြုံများနှင့် အပြုသဘောဆောင်သည့် အကြံပြုချက်များကိုရရှိမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ တရုတ်-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် ခိုင်မာသည့် အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံသားများအချင်းချင်း ဆက်ဆံရေး နှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစေခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံရှိ တရုတ်သံရုံးမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကောင်စစ်ဝန် ယန်ဂျန်ကီက ပြောကြားသည်။ မိမိတို့နှစ်နိုင်ငံအကြား ပြည်ဝင်ခွင့်ဗီဇာ အပြန်အလှန် ကင်းလွတ်ခွင့်ပေးသည့် မူဝါဒနှင့် တိုက်ရိုက်လေကြောင်းလိုင်းများကို ချဲ့ထွင် ဖွင့်လှစ်ခြင်းဖြင့် နှစ်နိုင်ငံအကြား ခရီးသွားလာရာတွင် လွယ်ကူစေခဲ့ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ဆင်ဟွာ

No comments

Powered by Blogger.