ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၅ ထပ် အဆောက်အအုံ ၁ လုံးအား ထပ်မံဖြိုချဖျက်ဆီး
နေပြည်တော် အောက်တိုဘာ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အများဆုံးလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်း မရှိစေရန် အဆိုပါ အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် တရားမဝင် အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးလျက်ရှိသည့် ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဆက်လက်ဖြိုချဖျက်ဆီးခဲ့ရာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချဖျက်ဆီးနိုင်ခဲ့ပြီး ထပ်မံ၍ ၅ ထပ်အဆောက်အအုံ ၁ လုံးအား ဖြိုချဖျက်ဆီးမှုမှာ ယနေ့အထိ ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက် အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၊ ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်း ဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ၅ ထပ် အဆောက်အအုံ ၁ လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့် ဖျက်ဆီးရန်ကျန် အဆောက်အအုံ ၅၈ လုံး ကျန်ရှိကာ ၎င်းတို့အားလည်း စနစ်တကျ ဆက်လက် ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရန်အတွက် နိုင်ငံတော်အစိုးရက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ အပြီးတိုင် လုံးဝပပျောက်သွားစေရေး အထူးအလေးထား နှိမ်နင်းလျက်ရှိကြောင်း သတင်းရရှိသည်။
(၁၀၀)

No comments