အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာအသင်းမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများတက်ရောက်
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် စက်တင်ဘာ
၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ Nagoya City Mizuho Park
Athletics Stadium (Ploma Mizuho Stadium) ၌ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲကို ယမန်နေ့ ညနေ
၆ နာရီတွင် ကျင်းပရာ အာရှနိုင်ငံများမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူများ/နည်းပြများနှင့် အားကစားသမားများ အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်
အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
အစီအစဉ်အရ အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှနိုင်ငံများမှ အသင်းအုပ်ချုပ်သူများ/ နည်းပြ များနှင့် အားကစားသမားများ စုပေါင်းချီတက်ခြင်း၊ ဂျပန်နိုင်ငံ ရိုးရာအမွေအနှစ်၊ ယဉ်ကျေးမှုအက အလှများဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်ခြင်းနှင့်
တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အာရှအားကစားပြိုင်ပွဲဝင် အသင်းများ အား အမှတ်တရနှုတ်ဆက်ခြင်း၊
အာရှအားကစားပြိုင်ပွဲ အလံနှင့် မီးရှူးတိုင်ကို
၂၀၃၀ ပြည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်းများ
ဆောင်ရွက်ပြီး အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မြန်မာအသင်းအနေဖြင့်
၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့်
(၁၈)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအားကစားနည်းမှ
ကြေးတံဆိပ်(၁)ခု၊ ဝူရှူးအားကစားနည်းမှ ကြေးတံဆိပ်တစ်ခုနှင့်
၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌
ကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင်
ပိုက်ကျော်ခြင်းအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ လှေလှော်အားကစားနည်းမှ ကြေးတံဆိပ် နှစ်ခုတို့ကိုသာ
ဆွတ်ခူးရရှိခဲ့ပြီး ၂၀၂၆
ခုနှစ်တွင် ဂျပန်နိုင်ငံ မြို့များ၌ ကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအဖြစ် အားကစားနည်း
(၄၃)နည်း ထည့်သွင်းကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် ဘောလုံး (အမျိုးသမီး)စသည့် အားကစားနည်းငါးနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တက်ဂ်ဘောအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊
ကြေးတံဆိပ်တစ်ခု၊ Esports အားကစားနည်းမှ ရွှေတံဆိပ်တစ်ခုနှင့်
ပိုက်ကျော်ခြင်း အားကစားနည်းမှ ကြေးတံဆိပ်တစ်ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန်
ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံအနက် နိုင်ငံအလိုက် အဆင့်(၂၄)တွင် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းနှင့်
မြန်မာအားကစားအဖွဲ့သည် ယခင်အာရှအားကစားပြိုင်ပွဲများတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက်သာလွန်၍ အောင်မြင်မှုများ ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments