နေပြည်တော်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
နေပြည်တော် အောက်တိုဘာ ၅
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “မြတ်ဆရာ” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက လည်းကောင်း၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့လေးဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို နေပြည်တော်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက လည်းကောင်း ဖတ်ကြားကြသည်။
သရုပ်ဖော်ကပြ
ထို့နောက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက တေးသီချင်းများဖြင့် သရုပ်ဖော် ကပြတင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုလွှာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)

No comments