မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အိလျော့ကျမှုအား ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 


ပုသိမ် အောက်တိုဘာ ၁၁

 

ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ဦးစွာ မမြရေလှောင်တမံ အရေးပေါ်ရေပိုလွှဲအား မြေတူးစက်တစ်စီးဖြင့် ၃၁၂ ပေမှ ၃၀၇ ပေသို့ ထပ်မံ နှိမ့်ချ၍ ရေလျှော့ချနိုင်ရန် ဆောင်ရွက်နေမှု၊ တမံအိလျော့ကျမှုကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေဆင်ခြေ လျှော၏ အပြင်ဘက်မှ မြေသားတမံပုံစံ တမံတာအောက်ခြေအား ပိုမိုခိုင်မာ တောင့်တင်းမှုရှိစေရန် မြေတူးစက်သုံးစီး၊ မြေထိုးစက်တစ်စီး၊ မြေသယ်ယာဉ် ခုနစ်စီးတို့ဖြင့် ဆောင်ရွက်နေမှု၊ ရေထုတ်ပြွန်မှ ရေတံခါး နှစ်ပေါက်ဖြင့် ပျမ်းမျှ ၄၀၀ ကုဗပေ/ စက္ကန့်နှုန်းခန့်ဖြင့် ရေထုတ်လွှတ်နေမှု၊ တမံ၏အထက် ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံအိလျော့ကျနေရာ တစ်လျှောက် တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်းနှင့်အတူ တမံအိလျော့မှု အခြေအနေ၊ ကာကွယ်ထိန်းသိမ်းမှု အခြေအနေနှင့် ရေဝါချောင်းအတွင်း ရေစီးဆင်းဝင်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ သည် ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မမြရေလှောင်တမံ မြေသားတာပေါင် နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး မမြရေလှောင်တမံ မြေသားတာပေါင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဆန်ရိက္ခာများနှင့် ပြည်သူများကြိုတင်ရွှေ့ပြောင်းရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ ပြည်သူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.