အဘိဓမ္မာ ရက်မြတ် အခါတော် (မြန်မာ့အလင်း)
“ပိဋက” ဟူသည်
ဗုဒ္ဓမြတ်စွာ၏ တရားတော်များကို ခေါ်ဆိုခြင်းဖြစ်ပြီး “သင်ယူအပ်” ဟူသော အဓိပ္ပာယ်၊
“ထိုထိုအနက်၊ ထိုထိုအကျိုး၏ တည်ရာ”ဟူသော အဓိပ္ပာယ်ကိုဆောင်သည်။ ထို့ကြောင့်
ဗုဒ္ဓမြတ်စွာ၏ တရားတော်များသည် သင်ယူအပ်၏။ သင်ယူသူတို့အား ထိုထိုသော အဆန်းတကြယ်
အနက်အဓိပ္ပာယ်များကိုလည်းကောင်း၊ ထိုထိုသော ကောင်းကျိုးတို့ကိုလည်းကောင်း
သိစေနိုင်၊ ရစေနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာ
ဟောကြားတော်မူသော ပိဋကတရားတော်များသည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍
သုံးမျိုးကွဲပြားရာ ဝိနည်းပိဋကသည် ရဟန်းတော်များအတွက် အကျင့်သိက္ခာတို့ကိုပြသော
တရားတော် ဖြစ်ပြီး သုတ္တန်ပိဋကသည် ရဟန်းရှင်လူနတ်ဗြဟ္မာဟူသမျှတို့၏
အကျိုးစီးပွားကိုပြသော တရားတော် ဖြစ်သည်။ အဘိဓမ္မာပိဋကမှာမူ ရုပ်တရား
နာမ်တရားတို့ကို အမျိုးမျိုးဟောပြရာ တရားတော် ဖြစ်သည်။ ရုပ်နာမ်သဘောတို့ကို
ဟောကြားရာတွင် သုတ္တန်တရားတော်တို့ထက် သာလွန်ခြင်း၊ ထူးဆန်းခြင်းတို့ကြောင့် အဘိဓမ္မဟူ၍
ခေါ်ဆိုရခြင်း လည်းဖြစ်သည်။ အဘိဓမ္မာပိဋကတွင် ဓမ္မသင်္ဂဏီ၊ ဝိဘင်္ဂ၊ ဓာတု ကထာ၊
ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမက၊ ပဋ္ဌာနဟူ၍ ခုနစ်ကျမ်း ပါဝင်သည်။ ဆဋ္ဌသင်္ဂါယနာမူ
ပါဠိတော်စာအုပ်အရေအတွက်အားဖြင့် ၁၂ အုပ်ရှိ၍ စာမျက်နှာပေါင်း ၄၉၄၁ မျက်နှာ ရှိသည်။
အဘိဓမ္မာ ခုနစ်ကျမ်းတို့တွင်
“ဓမ္မသင်္ဂဏီ” ကျမ်းသည်
ကုသိုလ်၊ အကုသိုလ်စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားခြင်း ဖြစ်ပြီး “ဝိဘင်္ဂ”
ကျမ်းတွင် ခန္ဓာစသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍
အကျယ်ဝေဖန်ဟောကြားသည်။ “ဓာတုကထာ” ကျမ်းတွင် ဓာတ်အမျိုးမျိုးတို့ကို ဟောကြား
ထားပြီး “ပုဂ္ဂလပညတ်ကျမ်း” တွင် ပုဂ္ဂိုလ်အမျိုးမျိုးတို့ကို ခွဲခြား
သတ်မှတ်အမည်တပ်၍ ဟောကြားသည်။ “ကထာဝတ္ထုကျမ်း” သည် အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍
အဘိဓမ္မာ အနှစ် သာရတို့နှင့် ပြည့်စုံသော ကျမ်းဖြစ်ပြီး “ယမိုက်ကျမ်း” မှာ
အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယ အစုံအစုံပြု၍
ဟောကြားတော်မူသော ကျမ်းဖြစ်သည်။ “ပဋ္ဌာန်းကျမ်း” ကြီးမှာမူ အကြောင်း
အမျိုးမျိုးတို့ကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသောတရားတို့ကို ၂၄
ပစ္စည်းတို့ဖြင့် ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတ ဉာဏ်တော်၏ ကျက်စားရာ ဖြစ်သောကျမ်းဖြစ်သည်။
အဘိဓမ္မာတရားသည် ပါဠိတော် ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊
ဟောကြားပုံအစီအစဉ် ၏ နက်နဲခြင်း၊ ဉာဏ်တော်၏ နက်နဲခြင်းဟူသော “ဂမ္ဘီရ လေးမျိုး”
နှင့် ပြည့်စုံသောတရားပင်ဖြစ်သည်။
မြတ်စွာဘုရားရှင်သည်
အဘိဓမ္မာတရားတော်ကို ၆ ဝါအလွန်၊ ၇ ဝါအရောက် သက်တော် ၄၂ နှစ်အရွယ်တွင်
ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပြီး အချိန်ကာလအားဖြင့် မဟာသက္ကရာဇ် ၁၀၉ ခုနှစ်၊
တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်နေရာ ထက်တွင် မယ်တော် မိနတ်ကို ကျေးဇူးဆပ်လိုသော
ရည်ရွယ်ချက်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူခဲ့ခြင်း ဖြစ်သည်။
သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ဟူ၍ ဖြစ်ပေါ် လာရခြင်းမှာ နတ်ပြည်တွင်
နတ်ပရိသတ်များကို အဘိဓမ္မာတရား အကျယ်ဟောကြားပြီးဆုံးသည့်နေ့သည်
သီတင်းကျွတ်လပြည့်နေ့၊ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းဟောကြားပြီးဆုံးသည့်
နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့၊ အရှင်သာရိပုတ္တရာ မထေရ်က တပည့်ရဟန်း ၅ဝဝ တို့အား
မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချပြီးဆုံးသည့်နေ့သည်လည်း သီတင်းကျွတ်
လပြည့်နေ့ဖြစ်သည်ကို ရည်ညွှန်းခြင်းပင်ဖြစ်သည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်
အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလဟောကြားတော်မူခဲ့ရာ သီတင်းကျွတ် လပြည့်နေ့တွင်
ပြီးဆုံး၍ သိကြားမင်းဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြား
စောင်းတန်း သုံးသွယ်ဖြင့် လူတို့ဌာနီ သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာ
အပေါင်းခြံရံလျက် ဆင်းသက်ကြွမြန်းတော်မူသည်။ ထိုအခါ မင်းနှင့် တကွ ပြည်သူတို့သည်
ဆီမီးတန်ဆောင် ထွန်းညှိကာ မြတ်စွာဘုရားအား ကြိုဆိုပူဇော်ကြသည်။ ထိုအချိန်မှစ၍
ဗုဒ္ဓဘာသာဝင်ပြည်သူတို့သည် သီတင်းကျွတ် လပြည့်အခါသမယသို့ ရောက်ရှိသည့်အခါတိုင်း
တာဝတိံသာ မြင်းမိုရ်ပွဲနှင့် ဆီမီးတန်ဆောင် ထွန်းညှိပူဇော်ခြင်း ကုသိုလ်တော်ပွဲကို
ဆင်ယင်ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက်
ဘာသာရေးအရလည်းကောင်း၊ ရိုးရာအစဉ်အလာယဉ်ကျေးမှုအရလည်းကောင်း အနှစ်သာရနှင့် လွန်စွာ ပြည့်စုံသည့်နေ့၊
ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံ၍ ကောင်းမှုကုသိုလ်အထူးတို့ပြုရာ
နေ့ထူးနေ့မြတ်တစ်နေ့ပင် ဖြစ်သည်။ ဤသို့သော ရက်မြတ်နေ့ထူးတွင်
မြန်မာနိုင်ငံသူနိုင်ငံသား တိုင်း ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုးလျက်၊
ကောင်းကျိုးကိုယ်၌ တည်ကြပါစေကြောင်း။

No comments