လူတိုင်းဥပဒေအသိပညာရရှိရန် ဥပဒေရေးရာဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုမှသည် တရားဥပဒေစိုးမိုးရေးဆီသို့
ဥပဒေရေးရာဝန်ကြီးဌာန
(ယမန်နေ့မှအဆက်)
ဥပဒေအသိပညာပြန့်ပွားရေး
ဆရာဖြစ်သင်တန်း (ToT) များ ဖွင့်လှစ်ခြင်း၊
ဆင့်ပွားသင်တန်းများ ပို့ချစေခြင်း
နိုင်ငံသားတိုင်း
တရားဥပဒေစိုးမိုးမှုရရှိစေရေး၊ ဥပဒေအသိပညာရရှိစေရေး၊ ဥပဒေအကာအကွယ်ကို
အညီအမျှရရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်၊
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT)များ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ ယခုအခါ
ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပေါင်း ၁၁၀၈၆ ဦးကို ToT ပေးနိုင်ခဲ့ပါသည်။ သင်တန်းများတွင် ရပ်ကွက်၊ ကျေးရွာ
အုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ဆောင်ရွက်ရန်
တာဝန်ဝတ္တရားများနှင့်သက်ဆိုင်သည့် သိသင့်သိထိုက်သော ဥပဒေများအား သင်ကြားပို့ချခဲ့ပြီး ယခုအချိန်ထိ
ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ အထူးအားဖြင့်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး
ဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၊
လောင်းကစားဥပဒေ၊ လောင်းကစားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ
နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေများ၊
ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ စသည့်ဥပဒေဘာသာရပ် ၁၁ ခုကို
သင်ကြားပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းများ
ဖွင့်လှစ်ခြင်းကြောင့် ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်သူပြည်သူများအနေဖြင့်
ဥပဒေနှင့်စပ်လျဉ်း၍ ကနဦးအစ အကြောင်းခြင်းရာ ပြဿနာများအား ဥပဒေနှင့်ညီညွတ်မှု ရှိ၊ မရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူးထံ အလွယ်တကူမေးမြန်းသိရှိနိုင်ပြီး သင်တန်းတက်ရောက်ခြင်းအားဖြင့် ဥပဒေနှင့်အညီ
ဆောင်ရန်၊ ရှောင်ရန်များကိုလည်း သိရှိခွင့်ရရှိခဲ့ပါသည်။ နိုင်ငံအနှံ့ ToT ဆင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက
ဥပဒေအသိပညာပြန့်ပွားရေး ဆင့်ပွားပေးခြင်းကို သက်ဆိုင်ရာမြို့နယ် ဥပဒေရုံး၏
ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ရာ ဆင့်ပွားသင်တန်းတက်ရောက်ပြီးသူ ၃၀၅၈၀
ရှိကြောင်း လတ်တလောစာရင်းများအရ သိရပါသည်။
ပြည်သူတစ်ဦးသည်
ယခင်က ဥပဒေနှင့်စပ်လျဉ်း၍ အလွယ်တကူသိရှိနိုင်ခြင်းမရှိသော်လည်း လက်ရှိအချိန်တွင်
အနီးစပ်ဆုံး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဥပဒေနှင့်စပ်လျဉ်း၍
အကူအညီရယူနိုင်ပြီး ကနဦးအဆင့် လမ်းညွှန်ပေးနိုင်ပြီဖြစ်ပါသည်။ ထိုအချက်သည်
ပြည်သူတိုင်း ဥပဒေအသိရှိရန်နှင့် ဥပဒေအကာအကွယ် အညီအမျှရရှိရန်ဟူသော
နိုင်ငံတော်အကြီးအကဲ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်လျက်ရှိသည့်
ဥပဒေရေးရာဝန်ကြီးဌာန၏ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းစဉ်
အောင်မြင်မှုရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။
ဥပဒေအသိပညာပြန့်ပွားရေး
ဟောပြောပွဲများပြုလုပ်ခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည်
ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်းကောင်း၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်ဥပဒေချုပ်ရုံးများသို့ ညွှန်ကြား၍လည်းကောင်း ဥပဒေအသိပညာပြန့်ပွားရေး
ဟောပြောပွဲများကို ဆောင်ရွက်လျက် ယနေ့အချိန်ထိ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင်
ဥပဒေအသိပညာများ ဖြန့်ဖြူးပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်
နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းနှင့် ဟောပြောပွဲများကို
တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများမှ ယနေ့အချိန်ထိ ဥပဒေအသိပညာ
ဟောပြောပို့ချလျက်ရှိပါသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်
သံဃနာယကအဖွဲ့များက ဖွင့်လှစ်သော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းများတွင်လည်း
တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများက ဘာသာရေး၊ သာသနာရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သော
ဥပဒေများကို ဆွေးနွေးပို့ချဖြန့်ဖြူးနိုင်ခဲ့ပါသည်။
ဥပဒေရေးရာဝန်ကြီးဌာနသည်
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ တပ်မတော်အုပ်ချုပ်မှုသင်တန်းကျောင်း၊ ဝန်ကြီးဌာန၊
အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ကောလိပ်နှင့် သင်တန်းကျောင်းများမှ ဖွင့်လှစ်သော
သင်တန်းများသို့ သင်တန်းနည်းပြ ဆရာများ စေလွှတ်ကာ ဥပဒေအသိပညာ
ဆွေးနွေးပို့ချဖြန့်ဖြူးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ဥပဒေရေးရာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တရားလွှတ်တော်ရှေ့နေများ
ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိရာ တရားလွှတ်တော်ရှေ့နေများ
ကောင်စီအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ရှေ့နေရှေ့ရပ်များအား
တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
အထောက်အကူဖြစ်စေရန်၊ အမှုလိုက်ပါဆောင်ရွက်ရာ၌ သိသင့်သိထိုက်သည့်
ဥပဒေရေးရာကိစ္စများကို ပိုမိုနှံ့စပ်နားလည်စေရန်၊ ရှေ့နေရှေ့ရပ်များ၏
ကျင့်ဝတ်သိက္ခာများ၊ တာဝန်များနှင့် အခွင့်အရေးများကို ပိုမိုသိရှိပြီး
အရည်အချင်းပြည့်ဝသော ရှေ့နေရှေ့ရပ်များဖြစ်စေရန် ရည်ရွယ်၍ “ရှေ့နေရှေ့ရပ်များအကြား
ဥပဒေရေးရာစကားဝိုင်း” များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဥပဒေဆိုင်ရာစာအုပ်များ
ထုတ်ဝေခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည်
၁၉၈၉ ခုနှစ်ကတည်းက ဥပဒေပြုအဖွဲ့အစည်းများက ပြဋ္ဌာန်းထုတ်ပြန်ခဲ့သော ဥပဒေများကို
နှစ်အလိုက်စုစည်း၍လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များကို နှစ်အလိုက်စုစည်း၍လည်းကောင်း
စာအုပ်ထုတ်ဝေခြင်း၊ Myanmar Laws စာအုပ်ထုတ်ဝေခြင်း၊
ဥပဒေအသိပညာ ဂျာနယ်စာအုပ်နှင့် ဥပဒေရုံးများ ရည်ညွှန်းစာစောင်စာအုပ်တို့
ထုတ်ဝေခြင်း၊ မဟာဗျူဟာစီမံကိန်းအရ ဦးစီးဌာနအလိုက် ရေးသားပြုစုသည့်
စာအုပ်စာတမ်းများ၊ ဥပဒေအသိပညာဒီပလိုမာအတွက် ဥပဒေဘာသာရပ်စာအုပ်များကို
ထုတ်ဝေခြင်းဖြင့်လည်း ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။
ခေတ်မီနည်းပညာ
အသုံးပြု၍ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည်
နိုင်ငံတော်၏ မဏ္ဍိုင် (၃) ရပ်လုံးတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍
မြန်မာဥပဒေသတင်းအချက်အလက်စနစ် (Myanmar Law Information System, MLIS)တွင် ဥပဒေ၊ နည်းဥပဒေများကို အချိန်နှင့်တစ်ပြေးညီ
လွှင့်တင်ပေးလျက်ရှိသည့်အပြင် ဥပဒေပညာလေ့လာလိုသူများနှင့် ဥပဒေဆိုင်ရာ
အကိုးအကားများ ရှာဖွေလိုသူများအတွက် e-Library တစ်ခု ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားဉာဏ်ရည်တု (AI) နည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်ပူးပေါင်း၍ AI နည်းပညာကို အသုံးပြုကာ ဥပဒေအသိပညာများပြန့်ပွားစေရန်
ဆောင်ရွက်လျက်ရှိပါသည်။ “ဥပဒေရေးရာ AI Assistant” ( Myanmar Legal AI Assistant) စနစ်ကို အကောင်အထည်ဖော်ကာ ဥပဒေဆိုင်ရာအချက်အလက်များ
ထည့်သွင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင် အများပြည်သူအသုံးပြုနိုင်ရန်
ရည်ရွယ်ထားပါသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး AI Appli-cation တစ်ခုဖြင့် AI သို့
ဥပဒေမေးခွန်းများမေးခြင်း၊ ဖြေကြားရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါ
စမ်းသပ်ထုတ်လွှင့်လျက်ရှိပါသည်။
မြန်မာဥပဒေသတင်း
အချက်အလက်စနစ် (MLIS) နှင့် Myanmar Legal
AI Assistant စနစ်တို့လွှင့်တင်ထားခြင်းအားဖြင့်
ဥပဒေပညာရှင်များ၊ ဥပဒေလေ့လာလိုသူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့်
ဥပဒေဆိုင်ရာအချက်အလက်များအား အလွယ်တကူလေ့လာဖတ်ရှုခြင်း၊ ရှာဖွေစုဆောင်းခြင်းများ
ပြုလုပ်နိုင်သည့် အခွင့်အရေးများရရှိနိုင်ပါသည်။
ဥပဒေအရာရှိများ၏
စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း
ဥပဒေရေးရာဝန်ကြီးဌာနသည်
အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့်
ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးနှင့် ဥပဒေရေးရာလုပ်ငန်းများ
ပူးပေါင်းဆောင်ရွက်ရန်နှင့် ဥပဒေသုတေသနလုပ်ငန်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍
ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား ရုရှားဘာသာစကား နားလည်တတ်ကျွမ်းရန်
ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရုရှားဘာသာစကားဒီပလိုမာ အချိန်ပြည့် တစ်နှစ်သင်တန်းကို
ဖွင့်လှစ်ခဲ့ပြီး စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေပညာဗဟိုဌာန၊ ဘာသာစကားဌာန၊
ရုရှားဘာသာစကားဌာနခွဲမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် Native
Speaker တို့က လာရောက်သင်ကြားပို့ချပေးခဲ့ကာ
ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံး
အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဥပဒေအရာရှိများတက်ရောက်ခဲ့ပြီး
သတ်မှတ်အရည်အချင်းပြည့်မီသည့်အတွက် စစ်တက္ကသိုလ်၏ ရုရှားဘာသာစကားဒီပလိုမာကို
ချီးမြှင့်ပေးခဲ့ပါသည်။ ယခုအချိန်တွင် သင်တန်းသားနှစ်ဦးမှာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခွင့်ရရှိခဲ့ပါသည်။
ဥပဒေအရာရှိများအနေဖြင့်
စာချုပ်စာတမ်းများ၊ အထွေထွေ ဥပဒေအကြံပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ
ပိုမိုထိရောက်မှန်ကန်စွာ စိစစ်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်
ပြည်နယ်များရှိ ဥပဒေအရာရှိများအတွက် စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်း
သင်တန်းအမှတ်စဉ် (၁)ကို ဖွင့်လှစ်သင်ကြားပို့ချနိုင်ခဲ့ပါသည်။
ဥပဒေအရာရှိများအား
တရားစွဲနှင့်အမှုလိုက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ပိုမိုထိရောက်၍
ဥပဒေနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ပုံမှန်သင်တန်းများ၊
မွမ်းမံသင်တန်းများ ဖွင့်လှစ်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ချက်များအား
ကြည့်ရှုခြင်းအားဖြင့် ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်သူများအား ဥပဒေအသိပညာရရှိစေရန်
ဆောင်ရွက်နိုင်ရုံသာမက ဥပဒေအရာရှိများအား အရည်အသွေးမြှင့်တင်သည့်
သင်တန်းများအားလည်း ပြုလုပ်ပေးကြောင်း လေ့လာတွေ့ရှိရပါသည်။
အချုပ်အားဖြင့်ဆိုသော်
ဥပဒေရေးရာဝန်ကြီးဌာနသည် ရဟန်းသံဃာများမှအစပြု၍ တပ်မတော်သားများ၊ ကျောင်းသား
ကျောင်းသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊
ပြည်သူများအထိ နည်းလမ်းမျိုးစုံဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို
ဆောင်ရွက်ခဲ့ရာ နိုင်ငံ့လူဦးရေတွင် အရွယ်ရောက်ပြီးသူ စုစုပေါင်း ၁၀ သိန်းကျော်ကို
ဥပဒေအသိပညာပြန့်ပွားစေရေး ဆောင်ရွက်ပြီးဖြစ်ပါသည်။
ဥပဒေအသိပညာပြန့်ပွားရေး
ဆောင်ရွက်ခြင်း၏ အကျိုးရလဒ်အနေဖြင့် သင်တန်းများ၊ ဟောပြောပွဲများနှင့် MLIS မှတစ်ဆင့် ဥပဒေဆိုင်ရာအချက်အလက်များကို အများပြည်သူတို့
အလွယ်တကူသိရှိလာနိုင်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား
ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်လှစ်ခြင်းအားဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏
ဥပဒေအသိပညာမြှင့်တင်နိုင်ခဲ့ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ဥပဒေအသိပညာများ
ဆင့်ပွားပြန့်ပွားစေခဲ့ခြင်း၊ Grade 11 နှင့် Grade 12 ကျောင်းသား
ကျောင်းသူများအား ဥပဒေအသိပညာသင်ကြားပေးခြင်းကြောင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ
ဥပဒေကို လေးစားလိုက်နာတတ်လာစေရန် အထောက်အကူပြုခြင်း၊ MLIS နှင့် AI နည်းပညာများကို
အသုံးပြု၍ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်ခြင်းကြောင့် ပြည်သူတိုင်း
ဥပဒေအသိပညာရရှိစေရေးအတွက် လက်လှမ်းမီပြီး ထိရောက်မှုရှိခြင်းအစရှိသည့်
အကျိုးကျေးဇူးများရရှိလာပြီး မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ
တိုးတက်ကောင်းမွန်လာကာ တရားဥပဒေစိုးမိုးသော လူမှုအသိုင်းအဝိုင်းတစ်ရပ်
ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်းနှင့် ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်ကို တစိုက်မတ်မတ် အကောင်အထည်ဖော်လျက်ရှိသည့်အပြင် ၂၀၂၅-၂၀၂၉ ခုနှစ်၊
မဟာဗျူဟာစီမံကိန်းရည်မှန်းချက် ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အတွက် တည်ဆောက်လျက်
ဥပဒေယုံကြည်ချက်” (Building
Legal Trust For The People) ဟူသော
ရည်မှန်းချက်နှင့်အညီ ဥပဒေအသိပညာကို ပြည်သူတိုင်း လက်လှမ်းမီအောင်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ။
No comments